သတင်း

နတ်တလင်းတွင် စစ်ကောင်စီစက်လှေ ကြားဖြတ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၂၆) မွန်းလွဲပိုင်းတွင် ချုံခိုတိုက်ခိုက်သည်။

စစ်တပ်က မြို့အရှေ့ဘက် ၁၆ မိုင်ခန့်ရှိ မကျီးပင်ရွာစက်လှေဂိတ်မှ ဘိုကြီးစခမ်းရွာသို့ တောင်ဘိုဆည် ရေလမ်းကြောင်းအတိုင်း စက်လှေဖြင့် လာစဉ် ပစ်ခတ်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) က ပြောသည်။

“သတင်းကြိုရတဲ့အတွက် ကျွန်တော်တို့ဘက်က စီစဉ်ပြီးတော့ တိုက်ခိုက်တာ” ဟု ပဲခူးတိုင်းPDF သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးက ဆိုသည်။ 

နာရီဝက်ခန့်ကြာသည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ စက်လှေ ပြန်လှည့်သွားကြောင်း၊ သာယာဝတီခရိုင် PDF တပ်ရင်းလက်အောက်ခံ တပ်ခွဲများဘက်တွင် ထိခိုက်မှုမရှိကြောင်း၊ တိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ်မပြောနိုင်ကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။

ဇန်နဝါရီ ၂၂ ကပင် ရန်ကုန်အခြေစိုက် စစ်ကောင်စီ ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးသန်းထွဋ်၊ တပ်ကြပ်ကြီးမြင့်အောင်တို့ကို ပဲခူးတိုင်း တောင်ငူခရိုင် PDF က လှည့်ဖျားတိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ နှစ်ဦးစလုံး သေဆုံးသွားသည်။ ထိုဖြစ်စဉ်အပြီးတွင် ပဲခူးတိုင်းအနောက်ခြမ်း၌ စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်လှုပ်ရှားလာကြောင်း အထက်ပါ PDF တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းတို့တွင် စစ်ကြောင်းအများအပြားနှင့် စစ်ရေးလှုပ်ရှားမှုများလုပ်နေသလို ပေါက်ခေါင်းမြို့နယ်တွင်းသို့လည်း စစ်ကြောင်းတစ်ကြောင်းပို့ထားသည်ဟု ၎င်းက ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button