(ဘားအံ) — ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ရွှေကုက္ကိုလ်မြိုင်၊ သစ္စာမြိုင် (၁) သံရည်ကျိုစက်ရုံများမှာ ခွင့်ပြုချက်လိုင်စင်ဖြင့် လုပ်ကိုင်နေခြင်း မဟုတ်ကြောင်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က မေ ၂၉ တွင် ပြောသည်။
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ဝန်းကျင်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ လှုပ်ရှားသွားလာသည့် ဒေသဖြစ်သည်။ လိုင်စင်ချပေးရေးမှာ နယ်မြေ အခြေအနေအရ မဖြစ်နိုင်သေးကြောင်း ဝန်ကြီးက ကရင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
“အဆိုပါဒေသသို့ လုံခြုံရေးအနေအထားအရ စက်မှုလုပ်ငန်းများအား စက်မှုမှတ်ပုံတင်ရန် ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါသဖြင့် မှတ်ပုံတင် မရှိသေးပါ ” ဟု ဦးစိုးလှိုင်က ဆိုသည်။
မြဝတီမြို့နယ် မဲဆန္ဒနယ် အမတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်းခမ်းက ပြည်နယ်လွှတ်တော်တွင် မေးမြန်းသဖြင့် ဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကျောက်မီးသွေးလောင်စာသုံး စက်ရုံများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆက်လက် မေးခွန်းထုတ်သွားမည်ဟု လွှတ်တော်အမတ်က သတင်းသမားများကို ပြောသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သော ဦးသန်းအောင်က အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းတို့နှင့် သတ်မှတ်စည်းကမ်းများအရ ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း နေရာတိုင်းသို့ အလွယ်တကူ သွားရောက်စစ်ဆေးရန် အခြေအနေ မပေးသေးကြောင်း ပြောသည်။
“ကျွန်တော်တို့ဝန်ထမ်းတွေ သွားလို့ လာလို့ မရတဲ့နေရာတွေ ရှိနေပါတယ်။ ဒါက ပကတိပါပဲ။ ငြင်းလို့မရပါဘူး” ဟု စီမံကိန်းဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းအောင်က ပြောသည်။
မြဝတီရှိ အဆိုပါ ကျောက်မီးသွေးစွမ်းအင်သုံး သံရည်ကျိုစက်ရုံတို့နှင့် ပတ်သက်ပြီး အာဏာပိုင်တို့ထံမှလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ရေးရာ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများထံမှလည်းကောင်း ထုတ်ပြန်ချက် မတွေ့ရသေးပေ။
ကရင်ပြည်နယ်တွင် ကျောက်မီးသွေးသာမက သံလည်း တူးဖော် ရရှိနိုင်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထုတ်ဝေသည့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုနှစ်မျိုးအပြင် အလားအလာ အကောင်းဆုံးသော အခြားသတ္တုတွင်းထွက်များမှာ ထုံးကျောက်၊ ဂေါဒန်ကျောက်၊ ခနောက်စိမ်း၊ ရွှေတို့ ဖြစ်သည်။
တူးဖော်ရရှိနိုင်သည့် သတ္တုအမျိုးအစား ၂၂ မျိုး ရှိသည်ဟု ဆိုသည်။