သတင်း

မှော်ဘီသံရည်ကျိုစက်ရုံ အစာငတ်ခံ ဆန္ဒပြသူ အလုပ်သမား ၄ ဦး ဆေးရုံရောက်

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအပါအဝင် အလုပ်သမားအခွင့်အရေးများရရှိရန် အစာငတ်ခံ ဆန္ဒပြ​ တောင်းဆိုနေသည့် Pacific Steel Enterprise (ပစိဖိတ်သံရည်ကျိုစက်ရုံ) အလုပ်သမားများတွင် ၄ ဦးမှာ ဆေးရုံပို့လိုက်ရပြီဖြစ်ကြောင်း ဆန္ဒပြသူများကဆိုသည်။

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုစက်ရုံ အလုပ်သမားများ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် တစ်နေ့အခြေခံလုပ်ခ ကျပ် ၉၀၀၀ ရရှိရေး စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့် တောင်းဆိုနေသည်မှာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ မှစ၍ အလုပ်သမား ခြောက်ဦးက အစာငတ်ခံ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

သို့သော် ဖေဖော်ဝါရီ ၂၈ တွင် ၂ ဦး၊ နောက်ထပ်နှစ်ရက်တွင် နှစ်ဦး စုစုပေါင်း ၄ ဦးမှာ အစာငတ်ခံ ဆန္ဒပြသည့် ဒဏ်ကြောင့် ဆေးရုံတင်လိုက်ရသည်ဟု သပိတ်ခေါင်းဆောင် ကိုမြတ်မင်းက ပြောသည်။

“သူတို့ကတော့ မသွားဘူး ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ နေတာပဲ။ ကျွန်တော်တို့ဘက်ကတော့ ကိုယ့်လူကို ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး။ အဲဒါကြောင့် ဆေးရုံကားခေါ်ပြီး တင်လိုက်ရတယ်”ဟု ၎င်းကပြောသည်။

ဆေးရုံမှ ပြန်လည်ရောက်ရှိလာသူ လေးဦးတွင် သက်သာသူ နှစ်ဦးမှာ သပိတ်စခန်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး မသက်သာသူ နှစ်ဦးကို နေအိမ်သို့ ပြန်လည် အနားယူ စေခဲ့ကြောင်း ထို နှစ်ဦးတွင် တစ်ဦးမှာ အိပ်ရာထဲမှ မထနိုင်သေးကြောင်း ၎င်းကပြောသည်။

အစာငတ်ခံ ဆန္ဒပြ၍ ဆေးရုံတင်ရသူ ၄ ဦးမှာ ကိုထွန်းထွန်း၊ ကိုမြင့်ခိုင်၊ ကိုဝေလျှံဖြိုး၊ ကိုဇော်ခိုင်တို့ လေးဦးဖြစ်ပြီး ကိုမြင့်ခိုင်မှာ အခြေအနေ မသက်သာသေးပေ။

အစာငတ်ခံပြီး တောင်းဆိုချက်များ မရမချင်း တောင်းဆိုမည်ဟု ဆုံးဖြတ်ထားသော်လည်း ဖေဖော်ဝါရီ ၂၉ ညပိုင်းတွင် သတိလစ်မေ့မြောသွားခဲ့ပြီး ၎င်းပြန်လည် သတိရလာသည့် အချိန်တွင် ဆေးရုံ သို့ ရောက်ရှိနေခဲ့ကြောင်း ဆေးရုံက ဆင်းပြီး သပိတ်စခန်းသို့ ပြန်လည် ရောက်ရှိနေသည့် ကိုဝေလျှံဖြိုးက ပြောသည်။

တောင်းဆိုချက် ၈ ချက်ကို ရရှိရန်အတွက် ဖေဖော်ဝါရီ ၁၃ ကတည်းက သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းမှုများ မပြေလည်ခဲ့သည့်အတွက် သပိတ်စခန်းဖွင့်ပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၂၀ မှစ၍ အစာငတ်ခံဆန္ဒပြရန် အလုပ်သမား ခြောက်ဦးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဆန္ဒပြ အလုပ်သမားများနှင့်စက်ရုံပိုင်ရှင်တို့ ဖေဖော်ဝါရီ ၂၄ က တွေ့ဆုံညှိနှိုင်းခဲ့ရာ အလုပ်ခန့်ထားမှု စာချုပ် (EC) အသစ် ပြန်လည်ချုပ်ဆိုပေးရန်၊ စက်ရုံဘက်က အလုပ်ပိတ်သည့် ရက်များတွင် လုပ်ခလစာအပြည့်ပေးရန်၊ အလုပ်သမားများ ဆုံးရှုံးနစ်နာခဲ့သော အချိန်ပိုကြေး၊ ဘတ်ဒိတ်ကြေး (အရစ်နစ်နာခဲ့သည့် ငွေကြေး)များအား လုပ်ခလစာအပြည့်ဖြင့် ပြန်လည်တွက်ချက်ပေးရန်ဟူသည့် အချက်သုံးချက်ကို စတင်ဆွေးနွေးရာတွင် ပြေလည်မှု မရရှိခဲ့ပေ။

ပစိဖိတ်စက်ရုံတာဝန်ခံ ဦးနောင်နောင်မျိုးက ဆန္ဒပြအလုပ်သမားများ တောင်းဆိုထားသည့် အချက်များမှာ အစိုးရက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခ၊ လစာ ဥပဒေကို ကျော်လွန်နေသည့်အတွက် ညှိနှိုင်းရန် ခက်ခဲနေခြင်းဖြစ်သည် ဟု Myanmar Now ကို ပြောသည်။

“အလုပ်သမားတွေ ကျွန်တော်တို့ကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ ဘယ်အချက်ကတော့ ဥပဒေနဲ့ ငြိတယ် ပေးသင့်ပါတယ်လို့ ဆိုလာရင်တော့ အလုပ်ရှင်ဘက်ကတော့ ပေးဖို့အသင့်ပါပဲလို့ ကျွန်တော်တို့ သူဌေးက ပြောထားပါတယ် ” ဟု ၎င်းကပြောသည်။

သပိတ်မှောက် အလုပ်သမားခေါင်းဆောင် ကိုမြတ်မင်းက အစိုးရက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခ၊လစာ ဥပဒေအရ ကျပ် ၄၈၀၀ ကျပ်မှာ အနိမ့်ဆုံးနှုန်းထားသာ ဖြစ်ပြီး ၄၈၀၀ ထက် ကျော်လွန် မပေးရန် ပြဋ္ဌာန်းချက်မရှိသဖြင့် ၎င်းတို့ကို တစ်နေ့လုပ်ခ ကျပ် ၉၀၀၀ ပေးခြင်းမှာ ဥပဒေနှင့်အညီသာ ဖြစ်သည်ဟု ပြောသည်။

ပစိဖိတ်စက်ရုံ အလုပ်သမားများမှာ အစိုးရ သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခ၊လစာ တစ်နေ့လုပ်အားခ ၄၈၀၀အပြင် ထုတ်လုပ်မှုဆုကြေး ၂၇၀၀ ကျပ် ခရီးစရိတ် ၁၅၀၀ ကျပ် စုစုပေါင်းတစ်ရက် ၉၀၀၀ ကျပ်ရရှိနေပြီး အချိန်ပို လုပ်ကိုင်ရပါက တစ်နာရီလျှင် ၁၂၀၀ ကျပ် ရရှိသည်။

သို့သော်လည်း အလုပ်သမားများကမူ တစ်နေ့လုပ်အားခကို ၉၀၀၀ ကျပ် ရရှိလိုပြီး အချိန်ပိုလုပ်ခ တစ်နာရီလျှင် ၂၀၀၀ ကျပ်ရရှိရန် တောင်းဆိုသဖြင့် ညှိနှိုင်းရန် ခက်ခဲနေခြင်းဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူနှင့် အလုပ်သမားများ၏ ပြောဆိုချက်များအရ သိရသည်။

Show More

Related Articles

Back to top button