
ပေါက်ကွဲစေတတ်သည့် သံထည်ပစ္စည်းများဖြင့် လုပ်ကိုင်နေရ၍ဟုဆိုကာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး တောင်းဆို ဆန္ဒပြနေကြသည့် မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ အလုပ်သမားသပိတ်တစ်ခုမှာ တစ်ပတ်နီးပါးရှိလာပြီဖြစ်သော်လည်း မပြေလည်သေးကြောင်း သပိတ်မှောက်သူများက ပြောသည်။
လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားများကို စက်ရုံပိုင်ရှင်က အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးရေး၊ လုပ်ငန်းခွင်အတွင်း မနိုင်ဝန်နှင့်အန္တရာယ်ရှိသော ပစ္စည်းများကို ထည့်သွင်းခိုင်းစေခြင်းမပြုရေး အပါအဝင် အချက် ၈ ချက်ကို ယင်းစက်မှုဇုန် အောင်ယူနီဗာဆယ်လမ်းရှိ Pacific Steel Enterprise (ပစိဖိတ်သံရည်ကျိုစက်ရုံ) အလုပ်သမားများက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက တောင်းဆိုနေကြခြင်းဖြစ်သည်။
ပစိဖိတ် သံရည်ကျိုစက် သပိတ်မှောက်အလုပ်သမား အများစုမှာ စွန့်ပစ်သံထည်ပစ္စည်းများကို အရည်ကျိုရသည့် ဖိုကျိုအလုပ်သမားများဖြစ်ပြီး ပေါက်ကွဲစေတတ်သည့် ပစ္စည်းများပါဝင်သည့်အတွက် စက်ရုံ တစ်ခုလုံးတွင် အန္တရာယ်အရှိဆုံး လုပ်ငန်းခွင် ဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် ကိုမြတ်မင်းက ပြောသည်။
“ကျွန်တော်တို့ ဒီလိုမျိုး အသက်အန္တရာယ်ကြောင့် ဖြစ်တဲ့ကိစ္စတွေမှာ (ရန်ကုန်ဆေးရုံကြီးလိုမျိုး) အရေးပေါ်ဌာနပေါ့နော်။ အရေးပေါ်ချက်ချင်း ကုသပေးရမယ့်ဌာနတွေမှာ ကုသပေးစေချင်တာ။ သူတို့က … အခမဲ့ဆေးခန်းတွေမှာ ကုသပေးတယ်” ဟု ကိုမြတ်မင်းက ပြောသည်။
အဆိုးရွားဆုံးမှာ အမြောက်ကျည်ဆန်၊ လက်ပစ်ဗုံး၊ မိုင်းကဲ့သို့သော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပါလာတတ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် တစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားသည်မျိုးရှိပြီး နားအုံကွဲသွားသည်ကို တွေ့ရဖူးကြောင်း ၎င်းကဆိုသည်။
၎င်းကိုယ်တိုင်လည်း ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် သံရည်ကျိုနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မျိုးပွားအင်္ဂါကို ခွဲစိတ်လိုက်ရသည်ဟု ဆိုသည်။
“ကျွန်တော် ဖြစ်တုန်းကလည်း အဲဒီလိုပဲ။ (ဩဂုတ်လ ၈ရက်နေ့) ၉ နာရီလောက်ကနေဖြစ်တယ်။ နောက်နေ့ည ၈ နာရီ (ဩဂုတ်လ ၉ရက်နေ့) လောက်မှ (ရန်ကုန်ဆေးရုံကြီး) ခွဲစိတ်ခန်းထဲဝင်ရတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း အလုပ်သမားတစ်ဦး ဂတ်စ်ကျန်နေသေးသည့် ဂတ်စ်အိုးကို သံဖြတ်စက် (cutter) ဖြင့်ဖြတ်ရင်းပေါက်ကွဲ သေဆုံးဖူးကြောင်း၊ ဒဏ်ရာအပြင်းအထန် ရဖူးသည့် သုံးဦးလည်းရှိကာ သံရည်ပူထိစင်ခြင်းမှာ နေ့စဉ်လိုဖြစ်နေကြောင်း ကိုမြတ်မင်းက ပြောသည်။
ကိုမြတ်မင်းမှာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ လာရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး ထိုစက်ရုံတွင် သံရည်ကျို အလုပ်သမားခေါင်းဆောင်အဖြစ် လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်သည်။
သို့သော်လည်း သပိတ်မှောက်အလုပ်သမားများ၏ စွပ်စွဲချက်များမှာ မဟုတ်မှန်ကြောင်း သံရည်ကျိုစက်ရုံဘက်က ငြင်းဆိုသည်။
ထိခိုက်မှုဖြစ်ပါက မှော်ဘီဆေးရုံသို့ အရင်သွားရကြောင်း၊ မှော်ဘီဆေးရုံတွင် အဆင်မပြေပါက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆက်သွားရပြီး ယင်းမှတစ်ဆင့် လိုအပ်သည့် ဆေးရုံများကို ဆက်လက်သွားရကြောင်း စက်ရုံတာဝန်ခံ ဦးနောင်နောင်မျိုးက Myanmar Now ကို ပြောသည်။
သံရည်ကျိုရာတွင်လည်း ပေါက်ကွဲမှုများ မဖြစ်စေရန် ကုန်ကြမ်းများလာချသည်နှင့်တစ်ပြိုင်တည်း ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များ အပါအဝင် ဝန်ထမ်း အယောက်လေးဆယ်ဖြင့် ရွေးချယ် စိစစ်ကြောင်း ၎င်းကဆိုသည်။
“အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ညွှန်ကြားချက်အတိုင်း ဗီနိုင်းတွေ ကပ်ထားတယ်။ မိုင်းတွေပါတာတို့ ဗုံးသီးတွေပါတာတို့ဆိုရင် ဒါတွေကို မထည့်ရဘူး။ ရွေးပြီး ပုံထားရမယ်။ တာဝန်ရှိသူကို အပ်ရမယ်။ အပ်တာနဲ့တစ်ပြိုင်နက် အပ်တဲ့လူကို ဘယ်လို ဆုပေးမယ်ဆိုတာ ကျွန်တော်တို့က ထုတ်ပြန်ထားပြီးသားပါ” ဟု ၎င်းက ပြောသည်။
မြောင်းတကာ စက်မှုဇုန်ရှိ ပစိဖိတ်သံရည်ကျို စက်ရုံမှာ ၂၀၁၈ ခုနှစ်ကတည်းက လည်ပတ်နေခြင်းဖြစ်ပြီး အလုပ်သမား ၁၆၀ ခန့်ဖြင့် အိမ်ဆောက်ပစ္စည်းသုံး သံထည်ပစ္စည်းများကို ထုတ်လုပ်နေသည့် သံရည်ကျိုစက်ရုံဖြစ်သည်။