လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အပါအဝင် အလုပ်သမားအခွင့်အရေးများ တောင်းဆို ဆန္ဒပြနေသည့် မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Pacific Steel Enterprise (ပစိဖိတ်သံရည်ကျိုစက်ရုံ) အလုပ်သမားများ၏ တောင်းဆိုချက်များကို ညှိနှိုင်းမရသေးသည့်အတွက် ခြောက်ဦးက အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေကြသည်။
တောင်းဆိုချက် ၈ ချက်ကို ရရှိရန်အတွက်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းမှုများမပြေလည်ခဲ့သည့်အတွက် သပိတ်စခန်းဖွင့်ပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီလ ၂၀ ရက်မှစ၍ အစာငတ်ခံဆန္ဒပြရန် အလုပ်သမား ခြောက်ဦးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် ကိုမြတ်မင်းက Myanmar Now ကို ပြောသည်။
အစာငတ်ခံ ဆန္ဒပြသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ကိုဝေလျှံဖြိုးက အစာငတ်ခံ ဆန္ဒပြနေသည်မှာ ငါးရက်ရှိသွားပြီဖြစ်ပြီး အစာမစားရသည့်အတွက် မူးဝေ၊အော့အန်ပြီး အစာအိမ် အောင့်နေသော်လည်း တောင်းဆိုချက်များ မရမချင်း ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်သည်ဟု ပြောသည်။
“တောင်းဆိုထားတဲ့ အချက် ၈ ချက် မရမချင်း ကျွန်တော်တို့ကတော့ အစာငတ်ခံဆန္ဒပြနေမှာပဲ။ ကျွန်တော်တို့ သေရင်တောင် ဒီနေရာမှာပဲ မြှုပ်ပါလို့ ကျွန်တော်တို့အဖွဲ့သားတွေကို ပြောထားပြီးသွားပါပြီ” ဟု ၎င်းက ပြောသည်။
ဆန္ဒပြအလုပ်သမားများနှင့် စက်ရုံပိုင်ရှင်တို့ ယမန်နေ့က (ဖေဖော်ဝါရီလ ၂၄) တွေ့ဆုံညှိနှိုင်းခဲ့ရာ အလုပ်ခန့်ထားမှုစာချုပ် (EC) အသစ်ပြန်လည်ချုပ်ဆိုပေးရန်၊ စက်ရုံဘက်က အလုပ်ပိတ်သည့် ရက်များတွင် လုပ်ခလစာအပြည့်ပေးရန်၊ အလုပ်သမားများ ဆုံးရှုံးနစ်နာခဲ့သော အချိန်ပိုကြေး၊ ဘတ်ဒိတ်ကြေး (အရစ်နစ်နာခဲ့သည့် ငွေကြေး)များအား လုပ်ခလစာအပြည့်ဖြင့် ပြန်လည်တွက်ချက်ပေးရန်ဟူသည့် အချက်သုံးချက်ကို စတင်ဆွေးနွေးရာတွင် ပြေလည်မှုမရရှိခဲ့ကြောင်း ကိုမြတ်မင်းက ပြောသည်။
ထိုအချက်သုံးချက် မပြေလည်၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သော အချက်များကို ဆက်လက်မဆွေးနွေးခဲ့ရပေ။
ပစိဖိတ်စက်ရုံက အလုပ်သမားများကို တစ်နေ့ လုပ်အားခ ၄၈၀၀ အပြင် ထုတ်လုပ်မှုဆုကြေး ၂၇၀၀ ကျပ်၊ ခရီးစရိတ် ၁၅၀၀ ကျပ်နှင့် အချိန်ပိုလုပ်ကိုင်ရပါက တစ်နာရီလျှင် ၁၂၀၀ ကျပ် ရရှိနိုင်ရန် စီစဉ်ပေးနေကြောင်း၊ အလုပ်သမားများကမူ တစ်နေ့လုပ်အားခကို ၉၀၀၀ ကျပ် ရရှိလိုပြီး အချိန်ပိုလုပ်ခ တစ်နာရီလျှင် ၂၀၀၀ ကျော် ရရှိရန် တောင်းဆိုသဖြင့် ညှိနှိုင်းရန် ခက်ခဲနေခြင်းဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူနှင့် အလုပ်သမားများ၏ ပြောဆိုချက်များအရ သိရသည်။
ပစိဖိတ်စက်ရုံတာဝန်ခံ ဦးနောင်နောင်မျိုးက ဆန္ဒပြ အလုပ်သမားများ တောင်းဆိုထားသည့် အချက်များမှာ အစိုးရက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခ၊လစာ ဥပဒေကို ကျော်လွန်နေသည့် အတွက် ညှိနှိုင်းရန် ခက်ခဲနေခြင်းဖြစ်သည် ဟု Myanmar Now ကိုပြောသည်။
“အလုပ်သမားတွေ ကျွန်တော်တို့ကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ ဘယ်အချက်ကတော့ ဥပဒေနဲ့ ငြိတယ် ပေးသင့်ပါတယ်လို့ ဆိုလာရင်တော့ အလုပ်ရှင်ဘက်ကတော့ ပေးဖို့အသင့်ပါပဲလို့ ကျွန်တော်တို့ သူဌေးက ပြောထားပါတယ် ” ဟု ၎င်းကပြောသည်။
ဆန္ဒပြ အလုပ်သမား ၂၈ ဦးတွင် ကိုမင်းဟိန်းခန့်၊ ကိုထွန်းထွန်း၊ ကိုဝေလျှံဖြိုး၊ ကိုကျော်ဇင်မင်း၊ ကိုချစ်ကောင်း၊ ကိုဇော်နိုင် တို့ ခြောက်ဦးက အစာငတ်ခံ ဆန္ဒပြနေသည်မှာ ငါးရက်ကြာမြင့်နေပြီဖြစ်၍ အစာအိမ် အောင့်ခြင်း၊ မူးဝေ အော့အန်ခြင်းများဖြစ်နေကြောင်း ဆန္ဒပြ အလုပ်သမားများက ဆိုသည်။