အာဏာသိမ်းစစ်ကောင်စီ၏ အင်တာနက်ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံတွင် နှစ်နှစ်တာအတွင်း စီးပွားရေးအရ ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါးရှိကြောင်း ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။
ရွေးကောက်ပွဲမဲစာရင်းကို အကြောင်းပြကာ အာဏာသိမ်းယူပြီးနောက် စစ်တပ်က ၎င်းတို့ကို ဆန့် ကျင်မှုများကို တားဆီးနိုင်ရန်အလို့ငှာ Facebook အပါအဝင် လူသုံးများသည့် လူမှုကွန်ရက် စာမျက်နှာများနှင့် ဝက်ဘ်ဆိုဒ်များကို ပိတ်ပင်ခဲ့သည်။ ထို့ပြင် နေရာဒေသအလိုက်လည်း အင်တာနက် ဖြတ်တောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် အင်တာနက်ပြတ်တောက်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် စီးပွားရေးအရ ဆုံးရှုံးမှု ဒေါ်လာ ၂၄၁ ဒသမ ၄ သန်းရှိကာ ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၈ ဘီလျံအထိရှိကြောင်း အင်တာနက်လုံခြုံရေးနှင့် VPN သုံးသပ်ရေးဆိုင်ရာ Top10VPN အဖွဲ့က ယခုလ ၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။
အဆိုပါအဖွဲ့၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အင်တာနက်ပြတ်တောက်မှုကြောင့် စီးပွားရေးဆုံးရှုံးမှုတွင် အဆင့် ၁ နေရာ၌ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အဆင့် ၄ နေရာရှိသည်။ မြန်မာနိုင်ငံသည် ဆုံးရှုံးမှုတန်ဖိုးအရ ရုရှား၊ အီရန်နှင့် ကာဇတ်စတန်နိုင်ငံတို့နောက် အဆင့် ၄ နေရာတွင် ရှိနေသော်လည်း ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး အင်တာနက်ကန့်သတ်ပိတ်ပင်ခံထားရသည့် နိုင်ငံဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သော ဗြိတိန်အခြေစိုက် အဆိုပါအဖွဲ့မှာ ၂၀၁၉ ခုနှစ်မှစ၍ ကမ္ဘာ့ဒေ သအသီးသီးရှိ နိုင်ငံများ၏ အင်တာနက်ပြတ်တောက်မှုအခြေအနေကို စောင့်ကြည့်လေ့လာကာ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုကြောင့် အာဏာသိမ်းပြီးစတွင် ဘဏ်လုပ်ငန်းများရပ်တန့်ကာ အလိုအလျောက်ငွေထုတ်စက် ATM များမှ ငွေထုတ်ယူရန်ပင် အခက်အခဲဖြစ်ခဲ့သည်။ သတင်းဌာနများ၏ ဝက်ဘ်ဆိုဒ်များနှင့် Facebook အပါအဝင် လူသုံးများသည့် လူမှုကွန်ရက် စာမျက်နှာများကို လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်။ ပြည်တွင်းရှိ အင်တာနက်သုံးစွဲသူများအနေဖြင့် အွန်လိုင်းလှုပ်ရှားမှုများကို ခြေရာဖျောက်နိုင်သည့် VPN ခေါ် သီးသန့်ကွန်ရက်တစ်မျိုးကို မဖြစ်မနေ အသုံးပြုနေရသည်။
ဆန့်ကျင်သူများကို စိတ်ကြိုက်ဖမ်းဆီးအရေးယူနိုင်ရန် စစ်ကောင်စီက ဥပဒေပုဒ်မများ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့်အပြင် အင်တာနက်ကို ကန့်သတ်ပိတ်ပင်ရန် ဆက်သွယ်ရေးကုမ္ပဏီများကိုလည်း ဖိအားပေးခဲ့သည်။
ထိုအခြေအနေကြောင့် မြန်မာနိုင်ငံတွင် သုံးစွဲသူ ၁၈ သန်းကျော်ရှိ နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ အပြီးအပိုင်ထွက်ခွာသွားသည့်နည်းတူ လက်ကျန် နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးသည်လည်း အပြီးအပိုင်ရောင်းချကာ ထွက်ခွာရန် ကြိုးပမ်းနေပြီဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက အင်တာနက် ကန့်သတ်ပိတ်ပင်ခြင်းအပြင် မိုဘိုင်းဆင်းကတ်များကို မှတ်ပုံတင်စေခြင်းနှင့် ဆက်သွယ်ရေးကွန်ရက်အတွင်း ကြားဖြတ်ထောက်လှမ်းရေး နည်းပညာများပါ အသုံးပြုနေသည့် အထောက်အထားများရှိသည်။
အစ္စရေးကုမ္ပဏီတစ်ခုဖြစ်သော Cognyte Software သည် အာဏာမသိမ်းမီလေးမှာပင် နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကြားဖြတ်ထောက်လှမ်းရေးကိရိယာများ ရောင်းချရေးတင်ဒါ အောင်မြင်ခဲ့ကြောင်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်သည်။
ကာလကြာရှည် အင်တာနက်ကန့်သတ် ပိတ်ပင်ခံထားရသဖြင့် စီးပွားရေးလုပ်ငန်းများသာမက ပညာရေးနှင့် အခြားလူမှုရေးဆိုင်ရာ လုပ်ငန်းများလည်း လစ်ဟင်းနေဆဲဖြစ်သည်။
လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ဖုံးကွယ်ရန် မြန်မာစစ်တပ်က အင်တာနက်ပိတ်ပင်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူ သောမတ်စ်အန်ဒရူးက ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ထုတ်ဖော် ပြောဆိုသည်။
“သတင်းထောက်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်သူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့သက်သေတွေကို မရနိုင်ဖို့ အင်အာနက်ကို ကန့်သတ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)