သတင်း

ကသာတွင် တိုက်ပွဲဆက်၊ လေတပ်က တစ်နေ့တည်း ဗုံး ၃ ကြိမ်ကြဲ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေသည်မှာ ၃ ရက်ကြာလာပြီး စစ်ကောင်စီတပ်က ယနေ့ (ဇန်နဝါရီ ၂၀) တွင် လေကြောင်းမှ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ မွန်းတည့်ချိန်မတိုင်မီ ကသာမြို့နယ် ချောင်းဝရွာမှ ထွက်လာသည့် တပ်မ(၇၇) လက်အောက်ခံ အင်အား ၇၀ ကျော်ပါ စစ်ကြောင်း ကသာမြို့၏ မြောက်ဘက် မိုင် ၂၀ ကျော်ခန့်အကွာ ဆင်ဂုံတိုင်ရွာနှင့် တပ်ကုန်းရွာကြားတွင် တိုက်ခိုက်ခံခဲ့ရသည်။

ပူးပေါင်းတိုက်ခိုက်သည့် အဖွဲ့များမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ကျောင်းသားတပ်မတော် (ABSDF) တို့ ဖြစ်သည်။

စစ်ကောင်စီတပ် အထိနာပြီး ပိတ်မိနေပြီးနောက် ညနေ ၄ နာရီခွဲခန့်တွင် တိုက်လေယာဉ် ၂ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိုးတားလေးရွာ စေတီရပ်မှ ဒေသခံ ၇ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရခဲ့သည်။

အဆိုပါ တိုက်ပွဲမှာ ယနေ့အထိ ဆက်လက်ပြင်းထန်နေပြီး ပိတ်မိနေသည့် စစ်ကောင်စီတပ်ကို ကယ်ထုတ်ရန် နံနက် ၁၀ နာရီခန့်မှစတင်ကာ ရဟတ်ယာဉ်၊ တိုက်လေယာဉ်တို့ဖြင့် ၃ ကြိမ်ခန့် တိုက်ခိုက်ခဲ့သည်ဟု ကသာ-ပကဖအဖွဲ့မှ ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကတော့ သူ့ဘက်၊ ကိုယ့်ဘက် အခြေအနေကြည့်နေကြတယ်။ သူတို့ (စစ်ကောင်စီ) လည်း အဲဒီနေရာမှာ ရှိနေတုန်းပဲ၊ လေယာဉ်လည်း ဝဲနေတုန်းပဲ၊ ဒီမနက်ကို လေယာဉ်က ၃ ခါ ရှိပြီ လာချနေတာ” ဟု အထက်ပါ ပကဖအဖွဲ့ဝင်က ပြောသည်။

ပထမအကြိမ် တိုက်ခိုက်ရာတွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ရဟတ်ယာဉ်တစ်စီးဖြင့် ထပ်မံပစ်ခတ်ခဲ့သည်၊ ၂ နာရီခွဲခန့်တွင် တတိယအကြိမ် တိုက်ခိုက်ရာ ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်ပါ သုံးပြီး တိုက်ခိုက်ခဲ့သလို ကသာမြို့ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မွန်းလွဲ ၃ နာရီခန့်အထိ တိုက်လေယာဉ်တစ်စီးနှင့် ရဟတ်ယာဉ်တစ်စီးမှာ တိုက်ပွဲဖြစ်ပွားရာအနီးတွင် ဝဲပျံနေသည်ဟု ကသာ-ပကဖအဖွဲ့ထံမှ သိရသည်။

“မပစ်ဘဲနဲ့ ဝဲပြီးတော့မှ တည်နေရာရှာနေတဲ့သဘောရှိတယ်ဗျ၊ တည်နေရာရှာရင်း သူတို့လူတွေကို ကယ်ဖို့ ကြိုးစားနေတဲ့သဘောပဲ” ဟု ကသာ-ပကဖ တပ်ဖွဲ့ဝင်က ပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ချိန်တွင် နှစ်ဖက်လုံးရှိ မြေပြင်တပ်များက ပစ်ခတ်မှုကို ရပ်နားထားသည်၊ လေကြောင်းတိုက်ခိုက်မှု ပြီးသွားသည်နှင့် ဆက်လက် တိုက်ခိုက်နေကြသည်ဟုလည်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူးအဆင့်ရှိသူတစ်ဦး ကျဆုံးသွားသည်ဟု ဒေသတွင်းသတင်းဌာနများက ရေးသားသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရထားသည်ဟု ကသာ-ပကဖ အဖွဲ့မှ ရှေတန်းတပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲဧရိယာနှင့် အနီးဆုံးမှာရှိနေသည့် မိုးတာလေးရွာ၊ တပ်ကုန်းနှင့် ဆင်ကုန်တိုင်ရွာတို့မှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ကသာမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာစောင့်အနည်းငယ်သာ ရွာများအတွင်း ကျန်ရှိတော့သည်ဟု သိရသည်။

ထို့အပြင် ကသာမြို့နယ် တောင်ဘက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ အလယ်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုနှင့် ကသာ-PDF တပ်ရင်း ၃ တို့ ယမန်နေ့ မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် အလယ်ကျွန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် အလယ်ကျွန်းရွာ သံတောင်ရွာနှင့် ပျဉ်ထောင်ကြီး စသည့် ကျေးရွာများမှာ နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြရသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီလေတပ်က ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကိုလည်း တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီ ၁၀ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တည်ရှိရာ ဝိတိုရိယစခန်း (Victoria Camp) ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ CNF အဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့၊ လေးဝါးကျေးရွာကိုလည်း လေတပ်က ဇန်နဝါရီ ၁၂ ရက်တွင် တိုက်ခိုက်ခဲ့သေးရာ အရပ်သား ၅ ဦး သေဆုံးပြီး လူနေအိမ် ၂၁ လုံး၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ပျက်စီးခဲ့သည်။

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချကာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေသည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများတင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိက အားပြုလာရာ မြစ်ကြောင်းတစ်လျှောက်ရှိသည့် ထီးချိုင့်၊ ကသာ၊ မြို့လှ စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button