သတင်း

CNF ဌာနချုပ် ဗုံးကြဲခံရမှုတွင် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး 

အိန္ဒိယ-မြန်မာနယ်စပ် ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိရာ ဝိတိုရိယစခန်း (Victoria Camp) ကို ယမန်နေ့ (ဇန်နဝါရီ ၁၀) တွင် စစ်ကောင်စီတပ်က ဗုံးကြဲရာ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

ညနေ ၄ နာရီတွင် စစ်တပ်က YAK 130 ၃ စီး၊ MIG 29 ၂ စီးတို့ဖြင့် ၅ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်၊ ယမန်နှစ် နိုဝင်ဘာလဆန်းက ထိုစခန်း အပါအဝင် လေတပ်က တိုက်ခိုက်မည့် ပစ်မှတ်စာရင်း (လျှို့ဝှက်) ဓာတ်ပုံများ ပေါက်ကြားခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။

“သူတို့က အောက်တိုဘာ ၅ ရက်နေ့နဲ့ ၇ ရက်ကြားမှာ CNF ဌာနချုပ်ကို ပစ်ဖို့ဆိုပြီးတော့ ပစ်မှတ်ကို ၁၄ ခု လုပ်ထားတာ ရှိတယ်။ အဲဒီပစ်မှတ်အတိုင်းပဲ အကောင်အထည်ဖော်လာတယ်လို့ ကျွန်‌တော်တို့က မြင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်တို့ရဲ့ တကယ့်အရေးကြီးတဲ့ အဆောက်အအုံတွေ ဘာတွေကတော့ ထိခိုက်မှုတော့ မရှိဘူး” ဟု ဆလိုင်းထက်နီက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ချင်းအမျိုးသားတပ်မတော် (CNA) မှ အမျိုးသမီးတပ်ဖွဲ့ဝင်များဖြစ်သော မိုင်ငွန်လှေပါရ်နှင့် မိုင်ရွှေလဲန်ပါရ်၊ အမျိုးသားတပ်ဖွဲ့ဝင်များဖြစ်သော ဆလိုင်းကီလ်မန်၊ ဆလိုင်းဒုတင်၊ ဆလိုင်းဗန်ရိုပြန်တို့၏ ရုပ်အလောင်းများကို ယမန်နေ့ ညက သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း သုံးသော လက်နက်မှာ ဖျက်အားပြင်းဗုံးများ ဖြစ်သည်၊ ကပ်လျက် အိန္ဒိယနိုင်ငံအတွင်း ဗုံးတစ်လုံးကျရောက်ခဲ့ပြီး အိန္ဒိယစစ်တပ်က လာရောက်ကြည့်ရှုသွားသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် CNF/CNA  ဌာနချုပ်အတွင်း ပျက်စီးသွားသည်ကို ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားစဉ်။ (ဓာတ်ပုံ-Supplied)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၂၀၂၃ ခုနှစ်အကုန်ထိ အပစ်ခတ်ရပ်စဲမည်ဖြစ်ကြောင်း စစ်ကောင်စီက မကြာသေးမီရက်ပိုင်းအတွင်း ကြေညာထားသည်။

စစ်ကောင်စီ၏ ပြောဆိုချက်သည် အလိမ်အညာသက်သက်သာဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ယမန်နေ့ ညက ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုသည် နိုင်ငံရေးအရ မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး လူမျိုးရေးအရ စိတ်ဒဏ်ရာများ ပိုမိုနက်ရှိုင်းခိုင်မာစေကာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် သန္နိဋ္ဌာန်ကို အားသစ်လောင်းရာ ရောက်သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ဟားခါး ပြောရေးဆိုခွင့်ရှိသူက ထိုတိုက်ခိုက်မှုမှာ တော်လှန်ရေးအတွက် အဟန့်အတားမဖြစ်ကြောင်း တုံ့ပြန်သည်။

“ဌာနချုပ်ကို သူတို့ကလည်း လေကြောင်းကနေ လာတိုက်ခိုက်တယ်ဆိုပေမဲ့လည်း ကျွန်တော်တို့ တော်လှန်ရေးအတွက်က လုံးဝ အဟန့်အတားမဖြစ်ဘူး။ ကျွန်တော်တို့က ရှေ့ဆက်ပြီး တော်လှန်ရေးမှာ ပါဝင်ဖို့က အင်အားတစ်ခုအနေနဲ့ မြင်တယ်” ဟု သူက ဆိုသည်။

CNF ဌာနချုပ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို ကန့်ကွက်ကြောင်း ပြသသည့်အနေဖြင့် ယနေ့ (ဇန်နဝါရီ ၁၁) တွင် ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဈေးဆိုင်များ ပိတ်ထားကြောင်း သိရသည်။

သို့ရာတွင် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက ဆိုင်များဖွင့်ရန် ပြောဆိုခဲ့၍ ဆိုင်တချို့ ပြန်ဖွင့်ခဲ့ရသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“၁၀ နာရီလောက်ထိ မဖွင့်ကြဘူး။ ဆိုင်ရှေ့တွေမှာ လမ်းဆုံတွေမှာ ရပ်ပြီး (ကားနဲ့) လိုက်အော်တဲ့အတွက်ကြောင့် တချို့က နည်းနည်းချင်းစီ ပြန်ဖွင့်ကြတာ။ စားသောက်ကုန်တို့၊ ကုန်ခြောက်ဆိုင်လေးတွေလို တစ်ခြမ်းစီ ပြန်ဖွင့်ကြတယ်” ဟု ထိုသူက ဆိုသည်။

လူထု၏ တုံ့ပြန်မှုအတွက် အားတက်ရသည်ဟု ဆလိုင်းထက်နီက ဆိုသည်။

“တကယ့်အရေးကြုံပြီး တိုက်ခိုက်လာပြီဆိုရင်တော့ ကိုယ့်ပြည်သူက ကျွန်တော်တို့ကို လက်ပိုက်ကြည့်မနေပါဘူး။ ပြည်သူက စိတ်ဆိုးဒေါသဖြစ်တယ်၊ စစ်ကောင်စီကို မုန်းတယ်၊ အဲ့လိုဖြစ်တယ်။ ကျွန်တော်တို့ဘက်က ပြည်သူ့အားနဲ့အတူ အားကောင်းနေဆဲဖြစ်တာပေါ့။ သူ ဘယ်လိုပဲတိုက်တိုက် ဘယ်လိုနည်းပညာတွေသုံးသုံး ပြည်သူက ကိုယ့်ဘက်ကနေ ပါနေတယ်။ အဲဒါ ကျွန်တော်တို့အတွက် အားသစ်ကို ပြန်လောင်းနေတာပဲ” ဟု သူက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့မှာ သူတို့ကို ပြန်ပြီးတုံ့ပြန်တိုက်ခိုက်နိုင်တဲ့ နည်းလမ်းကတော့ အများကြီးရှိပါတယ်။ လေကြောင်းဆိုတဲ့အတွက် လေယာဉ်ပစ်တဲ့လက်နက် ကိရိယာတွေမရှိပေမဲ့ စစ်ရေးနည်းဗျူဟာဆိုတာ အမျိုးမျိုးရှိတယ်။ ကျွန်တော်တို့က အတတ်နိုင်ဆုံး ပြန်လည်တုံ့ပြန်သွားဖို့ပဲ ရှိပါတယ်”

ယမန်နှစ် နိုဝင်ဘာ ၇ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှ ၆ မိုင်ခန့်အကွာ CNF ၏ တပ်မဟာ ၃ နယ်မြေအတွင်းရှိ CNF/CNA ရှေ့တန်းစခန်းတစ်ခု တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည်။

အလားတူ ဇန်နဝါရီ ၁  တွင် ပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့ ဗုံးကြဲခံရသည်။ ထိုစဉ်ကလည်း  ဆလိုင်းထက်နီက တောင်တန်းပေါများသော ချင်းဒေသတွင် လေကြောင်းဗျူဟာက အလုပ်ဖြစ်မည် မဟုတ်ကြောင်း Myanmar Now ကို ပြောထားသည်။

၁၉၈၈ က စတင်ဖွဲ့စည်းခဲ့သည့် CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အပစ်ရပ်လက်မှတ်ထိုးထားသော်လည်း စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကာ ဝိတိုရိယစခန်းတွင် လက်နက်ကိုင်ခုခံလိုသူ လူငယ်အများအပြားကို စစ်သင်တန်းများ ပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button