သတင်း

CNF ရှေ့တန်းစခန်းကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ

ချင်းပြည်နယ် မြို့တော်ဟားခါးအနီး ချင်းအမျိုးသားတပ်ဦး (CNF) ၏ စခန်းတစ်ခု ယမန်နေ့ (နိုဝင်ဘာ ၇)က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း CNF က ပြောသည်။

ဟားခါးမြို့မှ ၆ မိုင်ခန့်အကွာ CNF ၏တပ်မဟာ ၃ နယ်မြေအတွင်းရှိ ရှေ့တန်းစခန်းတစ်ခုကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီလေတပ်က ဗုံး ၄ ကြိမ် ကြဲချခဲ့သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now  ကို ပြောသည်။

“အခုထိတော့ အထိခိုက်မရှိသေးပါဘူး။ လုံခြုံပါသေးတယ်။ ကျွန်တော်တို့လည်း စခန်းကုန်းကို နည်းနည်း အခိုင်အမာလုပ်ထားတော့ အထိခိုက်တော့မရှိဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲချိန်မှာ မြေပြင်မှာ တိုက်ပွဲမရှိဘူး။ သက်သက်ကို လာကြဲတာ” ဟု သူက ဆိုသည်။

ထိုတိုက်ခိုက်မှုမတိုင်မီ စစ်ကောင်စီတပ်က တိုက်ခိုက်မည့်နေရာကို လေကြောင်းမှ ကြိုတင်ထောက်လှမ်းခဲ့ကြောင်း သိရသည်။

“ကင်းထောက်တာ နှစ်ခါလာထောက်ပြီးတော့မှ ဗုံးလာကြဲတာဖြစ်တယ်။ ဗဟိုဌာနချုပ်ရှိတဲ့နေရာအထိ ကင်းထောက်တာကတော့ လာတာပေါ့။ အဲဒါလာပြီးတော့ အဲဒီခွင်ထဲမှာ နှစ်ခါလာပြီးတော့ ဗုံးလာကြဲတာ ဖြစ်တယ်။ ဒါကြောင့် ဆက်တိုက်လာနိုင်တဲ့အနေအထားရှိတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ချင်းအမျိုးသားအဖွဲ့ချုပ်ဌာနချုပ်တည်ရှိရာ ဗစ်တိုရီးယားကမ့် (Victoria Camp) ကို လေကြောင်းမှ တိုက်ခိုက်ရန် စစ်ကောင်စီက စီစဉ်နေသည့် ပစ်မှတ်စာရင်း (လျှို့ဝှက်) ဓာတ်ပုံများ ပေါက်ကြားလာကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) က တွစ်တာတွင် ယမန်နေ့က ထုတ်ပြန်ထားသည်။ 

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) သည် အပစ်ရပ်စာချုပ် (NCA)  လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အစောဆုံးပူးပေါင်းကာ စစ်ကောင်စီတပ်ကို ရင်ဆိုင်ခဲ့သည်။

ယခုနှစ် ရှေ့တန်းတစ်နေရာတွင် တွေ့ရသော CNF/CNA  တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-Myanmar Now) 

ချင်းပြည်နယ်အတွင်း CNF အပြင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များလည်း နယ်မြေအလိုက် ပေါ်ပေါက်လာကာ လက်နက်ကိုင်ပြန်ခုခံနေသဖြင့် စစ်ကောင်စီတပ်သည် စစ်အင်အားအများအပြား သုံးကာ ဖြိုခွင်းရန် ကြိုးပမ်းခဲ့သည်။

ပြည်နယ်မြောက်ပိုင်း ဟားခါးနှင့် ထန်တလန်အကြား စစ်ရေးဗျူဟာအရ အရေးပါသည့် သီးမြစ်ကူးတံတားကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ဖျက်ဆီးခဲ့ပြီးနောက် ထိုနေရာတစ်ဝိုက်ကို စစ်တပ်က နယ်မြေစိုးမိုးရန် ကြိုးပမ်းနေသည်။ 

ယခုနှစ် အောက်တိုဘာ ဒုတိယပတ်ကလည်း ဟားခါးနှင့် ထန်တလန်အကြား စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CNA, ဒေသခံကာကွယ်ရေးအဖွဲ့များ တစ်ပတ်နီးပါး တိုက်ပွဲ ဆက်တိုက်ဖြစ်ပြီး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း အောက်တိုဘာ ၁၉ တွင် CNA က ထုတ်ပြန်သည်။

တောင်တန်းထူထပ်ပြီး သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်၏ မြို့နယ်အများစုတွင် မိုးရာသီကာလအတွင်း စစ်တပ်ဘက်က လှုပ်ရှားမှု အနည်းငယ်ငြိမ်သက်ခဲ့သော်လည်း ယခု ပွင့်လင်းရာသီအတွင်း စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သုံးသပ်ထားသည်။ 

နယ်မြေကျွမ်းကျင်သည့် ကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သည် အခြားဒေသများတွင် တိုက်ခိုက်သကဲ့သို့ လေကြောင်းတိုက်ခိုက်မှုကို ပိုအား‌ပြုလာဖွယ်ရှိကြောင်း ချင်းပြည်နယ်မှ ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း ယူဆထားကြသည်။

နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုများနှင့် စက်မျက်နှာ အများအပြားဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် ယခုနှစ် နှစ်လယ်ခန့်မှစ၍ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာရာ ကချင်ပြည်နယ် ဖားကန့်ရှိ ကချင်လက်နက်ကိုင်အဖွဲ့ စီစဉ်သည့် တေးဂီတဖျော်ဖြေပွဲ၊ စစ်ကိုင်းတိုင်းအတွင်းရှိ စာသင်ကျောင်းပါမကျန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button