သတင်း

ပြည်နယ်ပွဲ အတိုက်ခံရသည့် လွိုင်ကော်တွင် လက်နက်ကြီးကျ၍ လူသေ

ဇန်နဝါရီ ၁၅ ရက်နေ့က ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီ ကျင်းပသည့် ပြည်နယ်နေ့အခမ်းအနား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်သဖြင့် တစ်ဦး သေကာ သုံးဦး ဒဏ်ရာရသည်။

ယမန်နေ့ နံနက်က (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား ကျင်းပနေသည့် ပြည်နယ်ခန်းမအနီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ၏ လွိုင်ကော်မြို့အခြေစိုက်တပ်များက အနီးဝန်းကျင်သို့ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ ဥတ္တရာရုံရပ်ကွက်နေ အသက် ၆၀ ကျော်အရွယ် ဦးပေါက်စီ သေဆုံးခဲ့ပြီး မြို့မြောက်ဘက် ၁၆ မိုင်ခန့်အကွာ လွိုင်လင်လေးမြို့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လွိုင်ကော်မြို့ခံနှစ်ဦးက အသီးသီးပြောသည်။

လက်နက်ကြီးစ ထိမှန်သဖြင့် ထိခိုက်ဒဏ်ရာရသူများမှာ ဦးကျော်ဝင်း (၅၄ နှစ်)၊ မသန်းသန်းစိုး (၂၁ နှစ်)နှင့် ဒေါ်မေဇင်ညွန့် (၃၈ နှစ်) တို့ဖြစ်ပြီး ရွှေလွိုင်ကော်ပရဟိတအသင်းက လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“(ပြည်နယ်)ခန်းမက လုံခြုံရေးနဲ့ ပိတ်ပြီးတော့ လုပ်တာဗျ။ အပြင်ကလူတွေတော့ သတင်းမသိရဘူး” ဟု အထက်ပါ မြို့ခံနှစ်ဦးအနက် အမျိုးသားတစ်ဦးက ဆိုသည်။

ပြည်နယ်ခန်းမအနီး ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်ကိုသာ သိရကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက် သတင်းထုတ်ပြန်ရာတွင် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကြောင်း၊ ကျောင်းသား၊ ကျောင်းသူ၊ အရပ်သား ၆ ဦး နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရကြောင်း ဖော်ပြထားသည်။

ယမန်နေ့ နံနက် ၇ နာရီခန့်က ကယားပြည်နယ်ခန်းမအနီးတစ်ဝိုက်အပြင် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးနှင့် မင်းစုရပ်ကွက်အနီးရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအနီးတွင်လည်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ KNPP နှင့် PDF တို့က လွိုင်ကော်မြို့ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြည်နယ်ခန်းမအနီး ပေါက်ကွဲမှုဖြစ်သည့် သတင်းသာ ကြားရပြီး မည်သည့်လက်နက်အမျိုးအစား ပေါက်ကွဲသည်ကို မသိရကြောင်း၊ အခမ်းအနားလာရောက်သူအချို့ ဒဏ်ရာရသည်သာ ကြားရကြောင်း၊ လူသေဆုံးသည် မကြားမိကြောင်း ပြောသည်။

ဥတ္တရာရုံရပ်ကွက်တွင် လက်နက်ကြီးထိပြီး သေဆုံးသွားသည့် ဦးပေါက်စီ၏ ဈာပနအခမ်းအနားကို ယနေ့ ပြုလုပ်ရာ လူတချို့ရောက်လာပြီး သုသာန်အဝင်ဝတွင် “PDF အလိုမရှိ” စာတမ်းချိတ်ဆွဲကာ ဓာတ်ပုံများ ရိုက်ယူသွားကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် တင်ထားသော PDF အလိုမရှိကြောင်း စာတမ်းကိုင်ထားသူများကို လွိုင်ကော်မြို့တွင် ယနေ့ တွေ့ရစဉ်။

ကယားပြည်နယ်နေ့အခမ်းအနားနှင့် လူနေရပ်ကွက်များကို KNPP နှင့် PDF များ တိုက်ခိုက်သည်ဟူသော စစ်ကောင်စီ စွပ်စွဲချက်များနှင့် ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူးဒန်နီယာယ်က ငြင်းဆိုသည်။

“သူတို့က ဘာလုပ်လုပ် သူတို့ဘက်လုပ်လည်း ကိုယ့်ကို စွပ်စွဲတာပဲ။ ဒါကတော့ ကျွန်တော်တို့ လက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ ကျွန်တော်တို့အဖွဲ့အစည်းကလည်း အောက်ခြေတပ်မှူးတွေကို ညွှန်ကြားချက် မပေးဘဲနဲ့ သူ့သဘောနဲ့သူ လုပ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်နေ့အခမ်းအနား လုံခြုံရေးအတွက် စစ်ကောင်စီဘက်က မြို့အနီးတစ်ဝိုက် လက်နက်ကြီးများ ပစ်ခတ်သဖြင့် အရပ်သားများ ထိခိုက်သေဆုံးရသည်ဟု ၎င်းက ဆက်ပြောသည်။

“လုံခြုံရေးကတော့ သူတို့မြို့ထဲမှာလောက်ပဲ နည်းနည်းပါးပါး ချနိုင်ပါတယ်။ မြို့ပြင်အထိတော့ လုံခြုံရေးချနိုင်တဲ့ အနေအထားမရှိဘူး။ သို့သော် လက်နက်ကြီးတွေ နေ့တိုင်းလိုလို ညတိုင်းလိုလို ထုနေတာက သူတို့လုံခြုံရေးလို့ ပြောပါလိမ့်မယ်။ ဒါကတော့ နည်းလမ်းကျတဲ့ လုံခြုံရေးမဟုတ်ဘူး” ဟု ခူးဒန်နီယာယ်က ဆိုသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ တွင် လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ – လွိုင်ကော်) ကို ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) နှင့် Falcon Wings အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း ထိုအဖွဲ့များက ဇန်နဝါရီ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

တစ်ဆက်တည်းမှာပင် ကယားပြည်နယ်နေ့ ပွဲတော် (ကယားဒေးပွဲ) အပါအဝင်၊ ပွဲနှင့် ဆက်စပ်သည့် လူစုလူဝေးရှိရာ နေရာများသို့ ပြည်သူများ မသွားရောက်ရန် PDF Loikaw က ထိုသတင်းထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။

Falcon Wings ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ ကွပ်ကဲမှုအောက်တွင် ဒရုန်းနှင့် ပတ်သက်သည့် စစ်ဆင်ရေးများ လုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်သည်။

ကယားပြည်နယ်ခန်းမအနီး ဒရုန်းဖြင့် ဗုံးကြဲသည့်ကိစ္စနှင့် ပတ်သက်၍ PDF Loikaw နှင့် Falcon Wings တို့ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button