သတင်း

တန့်ဆည်တွင် စခန်းနှင့် လက်နက်ဆုံးခဲ့သည့် စစ်တပ်က ရွာများကို မီးရှို့နေ

လက်နက်ကိုင် ခုခံမှုအားကောင်းသည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း အခြေစိုက်စခန်းနှင့် လက်နက် ၁၀ လက် ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီက အနီးဝန်းကျင်ရှိ ကျေးရွာနှစ်ရွာကို မီးရှို့နေသည်။

မြို့မြောက်ဘက် တစ်မိုင်အကွာ ဆင်ငယ်ရွာတွင် ၃ လကြာ တပ်စွဲထားသည့် စစ်ကောင်စီစခန်း ဇန်နဝါရီ ၃ တွင် စီးနင်းခံရပြီးနောက် စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ထပ်ဖြည့်ခဲ့ကြောင်း၊ ယမန်နေ့ (ဇန်နဝါရီ ၄) နံနက် ၆ နာရီခန့်မှစ၍ အနောက်ဘက် တစ်မိုင်ခန့်အကွာ အိမ်ခြေ ၆၀၀ ရှိသည့် ကျွန်းတောကုန်းရွာကို  စီးနင်းခဲ့ကြောင်း အသက် ၂၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

“လောလောဆယ်တော့ ရွာသားတွေ မီးဝင်သတ်နေကြတုန်းပဲ။ ရှင်းလင်းရေးတွေ လုပ်နေရတုန်းပဲ။ တိတိကျကျတော့ မသိရသေးပေမဲ့ အနည်းဆုံးတော့ ၂၀၀ ကျော်လောက် (မီးထဲ) ပါသွားတယ်” ဟု ၎င်းက ယနေ့ (ဇန်နဝါရီ ၆) မွန်းလွဲပိုင်းတွင် ပြောသည်။

ကျွန်းတောကုန်းရွာ စီးနင်းခံရပြီးနောက် ယနေ့တွင် အရှေ့ဘက် တစ်မိုင်ခွဲအကွာရှိ ချောင်းဆုံကျေးရွာမီးရှို့နေကြောင်း၊ စစ်ကောင်စီအဖွဲ့ရှိနေဆဲဖြစ်၍ အသေးစိတ်အခြေအနေမသိရသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“မနက်အစောကြီးကတည်းက ရှို့နေတာ။ မီးကတော့ တော်တော်များတယ်ဗျ။ တစ်ရွာလုံးတောင် ပြာကျလောက်တယ်။ မနက်ကတည်းက ရှို့နေတာ ခုထိပဲ” ဟု အထက်ပါ ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကြောင်းဝင်၍ မီးရှို့မည်ဟူသော သတင်းများပျံ့နှံ့နေသဖြင့် ဆင်ငယ်ရွာ အနီးပတ်ဝန်းကျင်မှ ကျေးရွာ ၇ ရွာထက်မနည်းမှ ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြ၍ စစ်ကောင်စီကြောင့် ဖမ်းဆီးခံရသူ၊ ထိခိုက်သူ မရှိသေးဟု အထက်ပါသတင်းရင်းမြစ်တို့က ဆိုသည်။

“ကျွန်တော်တို့ကလည်း အဲလို(စီးနင်းမီးရှို့မယ်လို့) မျှော်လင့်ထားပြီးသားပဲ။ အဲဒါကြောင့် ကျွန်တော်တို့ကတော့ ဆင်ငယ်ရွာကို သိမ်းပြီးကတည်းက အကုန်လုံး ရှောင်ခိုင်းထားတာ။ ကျွန်တော်တို့ကြားတာကတော့ ဆင်ငယ်ရွာပတ်ပတ်လည်ကရွာတွေ အကုန်ရှို့မယ် ကြားတာပဲ” ဟု အထက်ပါ အသက် ၂၅ နှစ်အရွယ် ဒေသခံက ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

အာဏာသိမ်းပြီး နှစ်နှစ်ကြာချိန်အထိ နိုင်ငံအနှံ့ ခုခံမှုများ ကြုံတွေ့နေရသည့် စစ်ကောင်စီသည် တိုက်ပွဲများဖြစ်ပွားရာ နေရာများအနီးမှ ကျေးရွာများကို ဖျက်ဆီးသည့် နည်းလမ်းကို ဆက်တိုက်အသုံးပြုနေသည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။

အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ဒီဇင်ဘာလကုန်ထိ နေအိမ်ပေါင်း ၃၅,၀၀၀ ခန့် မီးရှို့ခံရသည့်အနက် စစ်ကိုင်းတိုင်းသည် အများဆုံး ရှို့ခံရသည့် ဒေသဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHR)  ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီလက်ချက်ကြောင့် နှစ်နှစ်အတွင်း သေဆုံးသူ ၂၆၈၈ ဦးအထိ ရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ၂၀၂၂ ဒီဇင်ဘာ ၃၀ တွင် ထုတ်ပြန်ထားသည်။

ပြည်သူပိုင်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုများမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။ သို့သော် ၂၀၂၀ မတိုင်မီ ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုမျိုးဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စစ်ကောင်စီက အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button