သတင်း

တန့်ဆည်မြို့နယ် ပျူစောထီးစခန်း တိုက်ခိုက်စီးနင်းခံရ

စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးစခန်းတစ်ခုကို အင်အားနည်းသွားချိန်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ပြောသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ပြည်သူ့စစ် (ပျူစောထီး) တို့၏ စုပေါင်းကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီ ၆ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု သိရသည်။

တန့်ဆည်မြို့နယ်၏ အရှေ့မြောက်အစွန်မှ ကျွန်းလည်ကျေးရွာအပြင်ဘက်တွင် ရှိသည့် ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တန့်ဆည်မြို့နယ် အရှေ့ဘက်အစွန်ကျေးရွာများမှ ပျူစောထီးများစုပေါင်း၍ ကင်းချနေရာယူထားသည့် စခန်းဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ရွှေဘိုခရိုင် PDF တပ်ရင်း ၂၅ (တန့်ဆည်) မှ တပ်ရေးဗိုလ် ရဲဘော်နှိုးစက်က ပြောသည်။

“အဲ့ဒီဝန်းကျင်ကပျူတွေက အခုလတ်တလောဝင်နေတဲ့ စစ်ကြောင်းတစ်ခုနဲ့ အင်အားအများစု ပါသွားတဲ့အချိန်မှာ ကျွန်တော်တို့က စစ်ဆင်ရေးပြင်ဆင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု သူက ဆိုသည်။

မိနစ် ၂၀ ခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းကာ စခန်းကို မီးရှို့ခဲ့သည်၊ ပျူစောထီး ၇ ဦး၊  စစ်သား ၃ ဦးတို့၏ ရုပ်အလောင်းများ တွေ့ခဲ့ရသည်ဟု ရဲဘော်နှိုးစက်က ဆိုသည်။

“သေချာသတင်းထောက်လှမ်းပြီး စစ်ဆင်ရေးလုပ်ခဲ့ပေမဲ့ ရန်သူက ထင်ထားတာထက် ပိုများပြီးတော့ အနည်းဆုံး ၂၀လောက်အထိ ရှိနေတယ်။ Battle (ရင်ဆိုင်တိုက်ပွဲ) ဖြစ်သွားတယ်။ တချို့ကောင်တွေကတော့ ပြန်တောင်မပစ်ဘူး။ သေနတ်တွေထောင်လျက်ထားခဲ့ပြီး ထွက်ပြေးသွားတယ်။ တွေ့ရတဲ့အလောင်းတွေက ပြန်ပစ်တဲ့ကောင်တွေ”

ထိုစခန်းမှ MA1 ၁ လက်၊ G3 ၁ လက်၊ ကာဘိုင် ၃ လက်နှင့် ပြောင်းချော ၇ လက်၊ ခဲယမ်းများ၊ မိုင်းများ သိမ်းနိုင်ခဲ့သည်၊ မြို့နယ်ပကဖမှ အဖွဲ့ဝင်တစ်ဦး တိုက်ပွဲအတွင်း သေဆုံးခဲ့ရပြီး၊ PDF တပ်ရင်းမှ ရဲဘော်နှစ်ဦးလည်း ဒဏ်ရာရရှိသည်ဟု သိရသည်။

ထိုစခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

တန့်ဆည်မြို့နယ်၏ အရှေ့မြောက်ဘက်ခြမ်းဒေသသည် မဘသဘုန်းကြီး ဦးဝါသဝ၏ဇာတိ ဘေရင်းကျေးရွာရှိပြီး ပျူစောထီးခေါ် ပြည်သူ့စစ်များကြီးစိုးရာ ဒေသဖြစ်လာရသည့် အကြောင်းရင်းများထဲတွင် သူ၏ စည်းရုံးမှုလည်း  ပါဝင်သည်ဟု သိရသည်။

ကန့်ဘလူမြို့နယ်နှင့် မူးမြစ်သာခြားကာ တည်ရှိနေသည့် ကျေးရွာအများစုတွင် ပျူစောထီးတို့၏ စခန်းများရှိနေသည်။ စစ်စခန်းတစ်ခုလျှင် စစ်ကောင်စီတပ်သား ၃ ဦးခန့်ကာ ဦးဆောင်ပြီး၊ တန့်ဆည်၊ ကန့်ဘလူမြို့နယ်တို့အပါအဝင် အနီးဝန်းကျင်များကို စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်ချိန်တွင် ပူးပေါင်းလိုက်ပါလေ့ရှိကြောင်း သိရသည်။

“မြို့နယ်အရှေ့မြောက်ခြမ်းကတော့ ပျူစောထီးကြီးစိုးတာပေါ့၊ အနည်းဆုံး ၆ ရွာလောက်အထိ ရှိတယ်။ အဲ့ဒီပျူတွေက တစ်ရွာနဲ့တစ်ရွာလည်း ချိတ်ဆက်ပြီးတော့ လှုပ်ရှားတတ်တယ်။ အနီးအနားရွာတွေကို စီးနင်းတာမျိုးလည်း လုပ်တတ်တယ်” ဟု ကန့်ဘလူမြို့ ဒေသခံ အမျိုးသားက ပြောသည်။

တန့်ဆည်မြို့နယ်အရှေ့ဘက်အစွန် ကာဘိုးဆည်ခြေရင်းရှိ အက်တောကျေးရွာကို ဧပြီလကုန်ပိုင်းက စစ်ကောင်စီ၏ အင်အား ၁၂၀ ခန့်ပါသည့် တပ်ရင်းတစ်ခု ဝင်ရောက်လာသည်။

အခိုင်အမာ ခံကတုတ်များ၊ ဘန်ကာများတည်ဆောက် တပ်စွဲထားသည့်အတွက် အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများမှ ရွာကို စွန့်ခွာကာ တိမ်းရှောင်နေကြရကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ၂၀၂၃ ဇန်နဝါရီလအတွင်းကလည်း ယခုတိုးချဲ့နေရာယူလာခဲ့သည့် အက်တောရွာစစ်စခန်းနှင့် တစ်မိုင်နီးပါးခန့်သာ ဝေးသည့် နေရာတွင် စစ်စခန်းတစ်ခုတည်ဆောက်ကာ အင်အား ၇၀ ခန့်ဖြင့် ထိုင်ထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ထိုးစစ်ဆင်ခံနေရသော စစ်ကောင်စီတပ်သည် လက်နက်ကိုင်အင်အား အကြီးအကျယ် လိုအပ်နေရာ အရပ်သားများကို လက်နက်ငယ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖွဲ့များ ဖွဲ့ပေးထားကာ အရည်အသွေးနည်းပါးသည့် လက်နက်များ တပ်ဆင်ထားသည်။

ဒေသခံအများအပြားက အဆိုပါ ပြည်သူ့စစ်တို့ကို ပျူစောထီးဟု ခေါ်ကြသည်။

Show More

Related Articles

Back to top button