နိုင်ငံရေး

တန့်ဆည်မြို့ ဝန်းကျင်တွင် စစ်တပ်၏ခံစစ်စခန်းများ ပေါ်ပေါက်လာ

ပြည်နယ်များတွင် စခန်းများရာနှင့်ချီ စွန့်လွှတ်ထားရချိန်တွင် စစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသတစ်ခုတွင် စစ်ကြောင်းထိုးပြီး ခံစစ်စခန်းများ တည်ဆောက်လျက်ရှိသည်။

မေလကုန်ပိုင်းတွင် စစ်တပ်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်သို့ လက်နက်ကိုင် အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ကျေးရွာများတွင် အထိုင်စခန်း ၄ ခု အခိုင်အမာတည်ဆောက်ကာ တပ်စွဲထားသည်ဟု သိရသည်။

အိမ်နီးချင်း ကန့်ဘလူမြို့နယ်ဘက်မှ လာသော ထိုစစ်ကြောင်းတွင် ၎င်းတို့ လေ့ကျင်၊ လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးများလည်း ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။

မြို့အရှေ့ဘက် ၆ မိုင်အကွာ တန့်ဆည်-ကန့်ဘလူလမ်းပေါ်ရှိ အပ်တောရွာ၊ မြို့အနောက်ဘက် ၂ မိုင်ခွဲအကွာ တန့်ဆည်-ကလေးဝလမ်းပေါ်ရှိ ဝရငယ်ရွာ၊ မြို့တောင်ဘက် ကပ်လျက် တန့်ဆည်-ရွှေဘိုလမ်းမပေါ်ရှိ ကျွဲသဲရွာတွင် ဆက်သွယ်ရေးတူးမြောင်းများ၊ ဘန်ကာများပါသည့် အထိုင်စခန်းများ အခိုင်အမာတည်ထားခြင်းဖြစ်သည်။

မြို့မြောက်ရှိ ၂ မိုင်ခွဲအကွာရှိ ဆင်ငယ်ရွာတွင်လည်း ဘန်ကာများနှင့် စခန်းကုန်းများအခိုင်အမာ စတင်တင်ဆောက်နေသည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တန့်ဆည်မြို့ကို ပတ်ပတ်လည် အုတ်ဘန်ကာတွေလုပ်နေတယ်၊ မြို့ပေါ်ကနေ ဒီအတိုင်းထွက်ပြေးရတဲ့ ကုန်မာဆိုင်တွေကနေ အုတ်တွေ ဘိလပ်မြေတွေ ယူပြီး လုပ်နေကြတယ်” ဟု ထိုအရာရှိက ဆိုသည်။

စစ်တပ် အထိုင်ချတပ်စွဲလိုက်သည့် အဆိုပါရွာများသည် တန့်ဆည်မြို့နှင့် နီးကပ်သည့် ကျွဲသဲရွာမှအပ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များ လှုပ်ရှားသည့် ကျေးရွာများဖြစ်သည်။

စစ်တပ်က တပ်စွဲလာခြင်းကြောင့် ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာပေးခဲ့ရသည်၊ ပတ်ဝန်ကျင်ကျေးရွာများသို့လည်း စစ်ကြောင်းထိုးနေသဖြင့် လူဦးရေသောင်းနှင့်ချီ တိမ်းရှောင်နေကြရသည်ဟု တန့်ဆည်မြို့နယ် လူသားချင်းစာနာမှု ကူညီရေးအဖွဲ့ တာဝန်ခံက ပြောသည်။

 “NUG ရဲ့ စိုးမိုးမှုနယ်မြေ ရာခိုင်နှုန်းအားဖြင့် လျော့သွားတဲ့သဘောပါပဲ၊ ​ဘန်ကာတွေနဲ့ အခိုင်အမာတည်ဆောက်တယ်။ သူတို့ဆီဝင်လာမယ့် လမ်းကြောင်းတွေကို မြေတူးစက်တွေနဲ့ လမ်းတွေဖျက်တယ်” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

အဆိုပါကျေးရွာလေးရွာရှိ တပ်စခန်းများသာမက အနီးအနားရှိ ကျေးရွာများတွင်လည်း တပ်ဖြန့်ထားသဖြင့် ကာလရှည်စစ်ဘေးရှောင်ရသည့်ရွာမှာ ၁၅ ရွာခန့်ရှိသည်ဟု သိရသည်။

“ပတ်ပတ်လည်ရွာတွေက ညလည်း ကောင်းကောင်း မအိပ်ရဘူး၊ နေ့လည်း ကောင်းကောင်း အိပ်လို့မရဘူးပေါ့ဗျာ ဘယ်နေ့လာမလဲ စိုးရိမ်ပြီး ဝေးရာကို ရှောင်နေရတာပေါ့” ဟု အဆိုပါတာဝန်ခံက ပြောသည်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း စစ်တပ်က အာဏာသိမ်းစဉ် ဆန္ဒပြသူများကို သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါက်ပေါက်လာသည်။

စစ်ကောင်စီတပ်က စစ်မျက်နှာများစွာ ဖွင့်ထားရပြီး လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူအများအပြားက ထောက်ခံလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကြီးအကျယ် ထိုးစစ်ဆင်ကြရာ စစ်ကောင်စီက စခန်းအများအပြားမှ ဆုတ်ခွာပေးလိုက်ရသည်။

ရခိုင်၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်ပြည်နယ်တို့တွင် စခန်းများရာနှင့်ချီ စွန့်လွှတ်ထားရချိန်တွင် စစ်ကောင်စီက တန့်ဆည်တွင် စခန်းငယ်များ တိုးချဲ့ချလာခြင်း ဖြစ်သည်။

၂၀၂၄ ဇွန်လအတွင်း စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးနေရသည့် တန့်ဆည့်မြို့နယ်မှ စစ်ဘေးရှောင်များ (ဓာတ်ပုံ − 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞)

တန့်ဆည်မြို့နယ်အတွင်း NUG နယ်မြေစိုးမိုးမှု

ခုခံမှုပြင်းထန်သည့် တန့်ဆည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များက ကျေးလက်ဒေသ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်သော်လည်း ပျူစောထီးအမာခံနယ်မြေဖြစ်သည့် ကန့်ဘလူမြို့နယ်နှင့် ထိစပ်နေသော တန့်ဆည်မြို့နယ်အရှေ့ပိုင်းကိုမူ အပြည့်အဝ မထိန်းချုပ်နိုင်ပေ။

တန့်ဆည်မြို့နယ် အနောက်ခြမ်းကိုမူ ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားပြီး ရဲနှင့်စစ်သားအလုံးအရင်း တပ်စွဲထားသည့် ကံထူးမကျေးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်သိမ်းယူထားသည်။

တန့်ဆည်မြို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သိမ်းယူရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားရာ စစ်ကောင်စီ တပ်စွဲထားသည့် နေရာအများစုကို စီးနင်းနိုင်ခဲ့သော်လည်း မြို့တွင်းရှိ ရဲစခန်းကို မသိမ်းယူနိုင်ခဲ့ပေ။ စစ်သားများသည် တိုက်ခိုက်ဖျက်ဆီးခံလိုက်ရသည့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် ထပ်မံတပ်မစွဲတော့သလို မြို့တွင်းမှလည်း ထွက်လေ့မရှိတော့ပေ။

ထို့နောက် ပြီးခဲ့သည့် လကုန်ပိုင်းတွင် ကန့်ဘလူမြို့နယ်မှ ပျူစောထီးများနှင့် စစ်သားပါဝင်သည့် စစ်ကူရောက်ရှိချိန် နယ်မြေများဖြန့်ထုတ်ပြီး စစ်စခန်းများတည်ဆောက်လာသည်။

စစ်တပ်ဝင်ရောက်တပ်စွဲခြင်းကြောင့် တိမ်းရှောင်နေရသည့် ဝရငယ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပေါ့ဆမှုကြောင့် စိုးမိုးနယ်မြေကို ဆုံးရှုံးသွားခြင်းဖြစ်သည်ဟု ဝေဖန်သည်။

“(စစ်တပ်က) ဘာစစ်ကြောင်းမှ မထိုးဘူး၊ တရွေ့ရွေ့ထွက်လာပြီး တပ်စွဲသွားတာ၊ ဒီဘက် (PDF) က ဘာမှမလုပ်လို့၊ ခုက တောင်သူတွေက ကိုယ့်စပါးတွေ မှည့်လို့ ရိတ်ချင်နေပြီ။ ဘယ်သူမှမပြန်ရဲဘူး၊ ဆန်တွေ၊ ဆီတွေ အစစအရာရာ ကျန်ခဲ့တာလည်း ဘယ်သူမှ မပြန်ရဘူး” ဟု သူက ပြောသည်။

တန့်ဆည်မြို့ပတ်ပတ်လည်တွင် တည်ဆောက်ထားသည့် စစ်စခန်းသစ်များ တည်နေရာပြမြေပုံ။

တန့်ဆည်အခြေစိုက် PDF တပ်ရင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးကမူ PDF များ အကောင်းဆုံး ခုခံနေကြောင်း ပြောသည်။ စစ်သားများ တပ်စွဲထားသည့် ဝါးရငယ်ရွာရှိ စစ်ကောင်စီစခန်းကို ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင်PDF တို့ ဝင်ရောက် တိုက်ခိုက်သော်လည်း မအောင်မြင်ခဲ့ပေ။

“စစ်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဖြစ်မယ့်ဟာတွေ ကြိုတင်ပြီး မပြောနိုင်ဘူး​။ ကျွန်တော်တို့လည်း သူတို့ရောက်နေတဲ့နေရာတွေကနေ ရှေ့မတိုးနိုင်ဖို့ ကာကွယ်ဖို့ အင်အားရှိပါတယ်။ အခြေအနေရရင် ပြန်သိမ်းဖို့လည်းရှိနေပါတယ်” ဟု တန့်ဆည်အခြေစိုက် PDF တပ်ရင်းတာဝန်ရှိသူက ပြောသည်။

မြို့ပေါ်တွင် မူလရှိပြီးသား စစ်သားနှင့် ရဲများအပြင် စခန်းသစ်ဆောက်ကာ အခြေချနေထိုင်သည့် တပ်ဖွဲ့ဝင်များနှင့် ပေါင်းပါက တန့်ဆည့်မြို့နယ်အတွင် စစ်သားနှင့် ပျူစောထီး အင်အား ၇၀၀ ခန့်ထိ ရှိနေသည်ဟု သိရသည်။

တန့်ဆည်မြို့သည် စစ်ကိုင်းတိုင်းအလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေသည့် မူးမြစ်အနောက်ဘက်တွင် တည်ရှိကာ အနီးဆုံးမြို့များအနေဖြင့် အထက်ပိုင်းတွင် ကျွန်းလှ၊ ကန့်ဘလူ၊ အောက်ဘက်တွင် ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည့်မြို့များ ရှိသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ တန်ဆည်မြို့နယ်တွင် လူဦးရေ နှစ်သိန်းနီးပါးရှိပြီး တိုက်ပွဲများကြောင့် ယမန်နှစ် အောက်တိုဘာမှလစတင်ကာ လျှပ်စစ်မီးနှင့် ရေပေးဝေမှု ပြတ်တောက်နေသည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ အဆုံးသတ်တိုက်ပွဲ ဖော်ဆောင်နိုင်ရန် မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ် စတင်တော့ဟု ပြီးခဲ့သည့်လက PDF သင်တန်းဆင်းပွဲတစ်ခုတွင် ပြောထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးမောင်မောင်ဆွေကလည်း ယခုနှစ်အတွင်း အညာဒေသတွင် မဟာဗျူဟာထိုးစစ် စတော့မည်ဟု ထုတ်ပြောထားသည်။

Show More

Related Articles

Back to top button