သတင်း

တန့်ဆည်၊ ကံထူးမ ရဲစခန်းကို PDF များ ပူးပေါင်းတိုက်ခိုက်

စစ်သားနှင့်ရဲ ၆၀ ခန့်တပ်စွဲထားသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၉)ရက် နံနက်အစောပိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ၇ ဖွဲ့ ပူးပေါင်းတိုက်ခိုက်သည်။

မြို့မှ ၁၀ မိုင်ကျော်ကွာဝေးသည့် ထိုစခန်းကို နံနက် ၄ နာရီခွဲဝန်းကျင်မှစ၍ တိုက်ခိုက်သည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ .. လက်နက်ကြီးနဲ့ စထုတယ်။ ထုပြီးတော့ အနီးကပ်သွားတိုက်တယ်။ … ကိုယ့်ဘက်က အသာစီးရအောင် ပစ်နိုင်တယ်။ တိုက်ပွဲက ၅ နာရီ ၅၀ မိနစ်လောက်မှာ ပြီးသွားတယ်” ဟု ၎င်းက ပြောသည်။

“သူတို့ဘက်က အာပီဂျီနဲ့ ထုတယ်။ ရွာထဲတော့(ကျည်တွေ)ကျတယ်”

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၆၊ ၇၊ ၈၊ မင်းကင်း PDF တပ်ရင်း ၁၊ Taze people comrades – TPC, Myanmar Defense Force (Taze Tiger)၊ Phoenix Defense Force – Taze, Dragon warrior – Taze PDF, ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တို့ ပေါင်း၍ တိုက်ခိုက်ကြောင်း ထိုသူ့ထံမှ သိရသည်။

“ကျွန်တော်တို့က တိုက်ပြီးတဲ့အခါ ပြန်ဆုတ်တယ်။ စခန်းထဲကို ဝင်သိမ်းလို့ရတယ်။ ဒါပေမဲ့ ပတ်ပတ်လည်မှာ မိုင်းတွေရှိတော့ တပ်ဖွဲ့ဝင်တွေထိခိုက်မှာစိုးလို့ မဝင်ဘဲနဲ့ အသာလေး ပြန်ဆုတ်ခဲ့ရတာ” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားထိခိုက်ခဲ့ကာ PDF ဘက်မှ ၂ ဦး ဒဏ်ရာရသည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၀) သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်းနှင့် တိုက်ပွဲအပြီး စခန်းထဲမှထွက်၍ ကျေးရွာအတွင်း ဝင်​လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုများရှိသည်၊ အသက် ၈၀ ကျော် အမျိုးသမီးတစ်ဦး ခြေထောက် ကျည်ထိမှန်ဒဏ်ရာရသည်ဟု ကံထူးမရွာသားတစ်ဦးကလည်း ပြောသည်။

တိုက်ခိုက်မှုဖြစ်သည့် ယမန်နေ့ ညနေပိုင်းမှစ၍ စစ်သားနှင့် ပျူစောထီးများ ရဲစခန်းသို့ ထပ်မံရောက်ရှိလာပြီး မူလထက် အင်အား ၂၀ ခန့်တိုးလာကြောင်း၊ ယနေ့(ဖေဖော်ဝါရီ ၂၀) နံနက်တွင် ရွာရှိ ဆိုင်ခန်းအချို့ကို စစ်ကောင်စီဘက်က ရိုက်နှက်ဖျက်ဆီးနေကြောင်း ထိုသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဒေသခံတို့၏ ထိခိုက်၊ သေဆုံးမှု၊ ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးမှုအခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် တန့်ဆည်မြို့နယ်သည်လည်း ပါဝင်သည်။ တော်လှန်မှုအားကောင်းသည့် ထိုမြို့နယ်သို့ ဖေဖော်ဝါရီလဆန်းမှစ၍ စစ်ကောင်စီက စစ်သား အင်အား ၁၀၀ ကျော် ပို့လွှတ်ထားသည်။

ထိုစစ်ကြောင်းက တန့်ဆည်မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်ကာ နေအိမ်များ မီးရှို့၊ ဖျက်ဆီးမှုကို ဆက်တိုက် လုပ်ဆောင်နေသည်ဟု သိရသည်။

ပုတီးကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်နေ့ထိ တစ်ပတ်ကြာတပ်စွဲပြီးနောက် ထိုရွာရှိ နေအိမ် ၂၀ နီးပါး၊ ဖေဖော်ဝါရီ ၉ ရက်တွင် ပေချောင်ရွာ၌ နေအိမ် ၁၀ လုံးကျော်ကို ထိုစစ်ကြောင်းက မီးရှို့ဖျက်ဆီးသည်ဟု PDF အဖွဲ့များက အတည်ပြုထားသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်စွဲရာ နေရာများနှင့် ရဲစခန်းများကို ဒေသခံ PDF တို့ ပူးပေါင်းတိုက်ခိုက်မှုများ တိုးလာနေသည်။

ကနီမြို့နယ်၊ ဝင်းမနားရဲစခန်းကို ဖေဖော်ဝါရီ ၅ ရက်က PDF တို့ ပေါင်း၍ တိုက်ခဲ့သလို စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်းရှိ ဒေသအများအပြားတွင် လေကြောင်းပါ သုံး၍ တုံ့ပြန်နေသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button