သတင်း

၁၀ နာရီကြာသည့် ကန့်ဘလူတိုက်ပွဲတွင် နှစ်ဖက် သေဆုံးမှုရှိ

ယမန်နေ့က တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်း တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးရှိသလို စစ်ကောင်စီတပ်ထံမှ သေနတ် ၁၂ လက် သိမ်းဆည်းနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က  ပြောသည်။

ရွှေဘို-မြစ်ကြီးနားဗျူဟာကားလမ်းဘေးတွင် ရှိသည့် ငှက်ပျောတိုင်းရွာအရှေ့ဘက် လျှပ်စစ်ဓာတ်အားပေးရုံခွဲ အပါအဝင် နေရာ ၃ ခုတွင် အခိုင်အမာစခန်းချ နေရာယူထားသည့် ခြေမြန်တပ်ရင်း အမှတ် (၃၆၁) မှ စစ်သားများကို ကန့်ဘလူခရိုင် PDF တပ်ရင်းနှစ်ခုက ဝင်တိုက်ခဲ့ကြခြင်း ဖြစ်သည်။

နံနက် ၄ နာရီကျော်မှ မွန်းလွဲ ၂ နာရီကျော်အထိ ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူ နှစ်ကြိမ်လာသော်လည်း နှစ်နေရာကို စီးနင်းသိမ်းပိုက်နိုင်ပြီး ရွာအရှေ့တောင်ဘက် နောက်တစ်နေရာကို စီးနင်းစဉ် လေကြောင်းတိုက်ခိုက်မှုကို ထပ်မံ ရင်ဆိုင်ရသလို အမှတ် (၆၀၀၆) တင့်ကားတပ်မှ အင်အား ၁၀၀ ခန့် စစ်ကူတက်လာသဖြင့် PDF ခရိုင်တပ်ရင်းနှစ်ခု ပြန်ဆုတ်ခဲ့ရသည်။

“မနက်ပိုင်းမှာတင် စခန်းနေရာနှစ်ခုက ရပြီးနေပြီ။ နောက်ဆုံးတစ်ခုကို ပြတ်ဖို့ရာ၊ မပြတ်လိုက်ဘူးပေါ့ဗျာ။ ပထမဆုံးလာပစ်တဲ့ လေကြောင်းကလည်း တစ်နာရီလောက်ကို ဝဲလိုက်…ပစ်လိုက် လုပ်နေတဲ့ကြားက ဘန်ကာတစ်ခု ကျန်နေတော့ မဆုတ်ဘူးပေါ့ဗျာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ကြုံတွေ့ခဲ့ရသည့်အခြေအနေကို ပြောပြသည်။

စစ်တပ်ဘက်မှ သေဆုံးသူ ဆယ်ဂဏန်းရှိသလို ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ MA ရိုင်ဖယ် ၃ လက်၊ ကာဘိုင် ၇ လက်၊ စက်သေနတ် (စက်ကလေး) ၁ လက်နှင့် စနိုက်ပါရိုင်ဖယ် ၁ လက် ရခဲ့ကြောင်း ၎င်းက ဆိုသည်။

PDF ဘက်ကမူ ခရိုင်တပ်ရင်း ၂ ခုမှ တပ်ဖွဲ့ဝင် ၂ ဦး တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။

မြေပြင်တိုက်ပွဲဝင်ခဲ့သည့် ရှေ့တန်းတပ်ဖွဲ့ဝင်များက ရုပ်အလောင်းမည်မျှတွေ့ခဲ့သည်၊ လက်နက်မည်မျှရရှိခဲ့သည်တို့ကို စုပေါင်း၍ စစ်သားသေဆုံးမှုနှင့် လက်နက်အရေအတွက်စာရင်း ရခဲ့ခြင်း ဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ် MA စီးရီး ရိုင်ဖယ်များ၊ စက်သေနတ်များ၊ စနိုက်ပါရိုင်ဖယ်များကို စစ်သားများက အများဆုံးကိုင်ဆောင်ပြီး ဒုတိယကမ္ဘာစစ်ခေတ်လက်ကျန် ကာဘိုင်သေနတ်များကို စစ်တပ်က ဖွဲ့စည်းလေ့ကျင့်ပေးထားသည့် ပြည်သူ့စစ် (ပျူစောထီး) များ ကိုင်ဆောင်ကြသည်။

ထို့ကြောင့် အဆိုပါစခန်းချရာတွင် ပျူစောထီးများ ပါဝင်နေသည်ဟု ယူဆရပြီး မူလက အင်အား ၆၀ သာ ရှိမည်ဟု ခန့်မှန်းထားသော်လည်း အင်အားရာဂဏန်း ရှိနေကြောင်း PDF ဘက်က ပြောသည်။

“စစဦးဆုံး ဝင်ပစ်ပြီဆိုကတည်းက ဆယ့်လေးငါးယောက်က  ထွက်ပြေးတော့တာ…. သူတို့ဘက်ကလေ၊ ထိုင်ထားတဲ့အင်အားက များတယ်ဗျ။ အမြင်မှာ တစ်မျိုး…ဝင်တိုက်တော့ အင်အားက ၁၃၀ လောက် ဖြစ်နေတာ” ဟု ခရိုင် အမှတ် (၄) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

တိုက်ပွဲများတွင် စစ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို စစ်ကောင်စီက ထုတ်ဖော်ပြောဆိုလေ့မရှိသလို၊ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆယ်နာရီကျော် ဖြစ်ပွားခဲ့သည့် အဆိုပါ ငှက်ပျောတိုင်းကျေးရွာတိုက်ပွဲသည် စစ်ကိုင်းတိုင်းအလယ်ပိုင်းမြို့နယ်များတွင် အချိန်အကြာဆုံး တိုက်ပွဲတစ်ခု ဖြစ်လာသည်။

တော်လှန်ရေးအဖွဲ့များအတွက် လိုအပ်သည့် ကျည်ဆန်သည် ကချင်ပြည်နယ်ဘက်မှ ဝင်ရောက်ဖွယ်ရှိသည်ဟု လေ့လာသူတို့က ယူဆထားကြသည်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်မှ စစ်ရှောင်လာသော ဒေသခံများ။ (ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်တပ်ရောက်လာပြီးနောက် ဓာတ်အားပြတ်တောက်ခြင်း

စစ်ကောင်စီတပ်သည် မန္တလေးနှင့် မြစ်ကြီးနားကို ကုန်းလမ်းအတိုင်း ဆက်သွယ်ထားသည့် ယင်းဗျူဟာလမ်းတစ်လျှောက် စိုးမိုးနိုင်ရန်အတွက် ကန့်ဘလူမြို့နယ်မှ ငှက်ပျောတိုင်း၊ ရေကြည်ဦး၊ ခင်ဦးမြို့နယ်မှ အလယ် သျှို၊ ခင်ဦးလမ်းဆုံ(မြေနီလျှိုလမ်းဆုံ) တို့တွင် စခန်းများထိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များနှင့် PDF တပ်ရင်းတို့က ဆိုသည်။

အဆိုပါနေရာများတွင် စစ်ကောင်စီတပ်က ခြေကုပ်ယူ စခန်းချနိုင်ပါက ရွှေဘိုလေ့ကျင့်ရေးတပ်မှစ၍ မြစ်ကြီးနားလမ်းပိုင်းကို စိုးမိုးနိုင်ပြီး၊ ကုန်းလမ်းကို ပြန်လည်အသုံးပြုသွားနိုင်မည်ဖြစ်သည်။

အထက်ပါတိုက်ပွဲ မဖြစ်ပွားမီ ငှက်ပျောတိုင်းရွာတွင် ယခုလအစ အောက်တိုဘာ ၃ ကတည်းက ရောက်ရှိနေသော စစ်ကောင်စီတပ်က ထိုရွာ အရှေ့ဘက်တစ်မိုင်ခွဲခန့်အကွာတွင် ရှိသည့် လျှပ်စစ်ဓာတ်အားပေးခွဲရုံတွင် ဝင်ရောက် စခန်းချခဲ့သည်။

ထိုနေရာသည် မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးပေးသည့် သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံခွဲဖြစ်ပြီး စစ်တပ်စခန်းထိုင်ပြီးနောက် အောက်တိုဘာ ၅ မှစ၍ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းတိုက်နယ်များဖြစ်သော ထန်းကုန်း၊ ဇီးကုန်း၊ ကာဘိုးနှင့် နယ်မြေထိစပ်နေသော တန့်ဆည်မြို့နယ်တစ်ခုလုံးတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့လျှပ်စစ်မီးပြတ်တောက်မှုမှာ စခန်းချထားသည့် စစ်တပ်၏ လက်ချက်ဟု ကာကွယ်ရေးအဖွဲ့များက စွပ်စွဲထားကြသော်လည်း ဒေသခံတချို့ကမူ စစ်တပ် ပစ်ခတ်ခံရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆိုကြသည်။

စစ်ကောင်စီတပ် ငှက်ပျောတိုင်းရွာ၌ စတင်တပ်စွဲခဲ့စဉ်ကတည်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက လက်လုပ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ကို ဆိုလိုခြင်း ဖြစ်သည်။

ကာလရှည်၊ ရက်ရှည် မီးပျက်မှုကြောင့် ကန့်ဘလူမြို့နယ်အတွင်း ချက်ပြုတ်ရေးနှင့် သောက်သုံးရေ ရရှိရေး အခက်ကြုံလာရကြောင်း ဒေသခံများက ပြောကြသည်။

တန့်ဆည်မြို့ခံတစ်ဦးကမူ ဖုန်းအားသွင်းနိုင်ရန် နေစွမ်းအင်ကိုသာ အားကိုးနေရသည်၊ ရေရရှိရေးအတွက် အဝီစိတွင်းတူးထားသည့်နေရာများ၌ သွားရောက်သယ်ဆောင်နေရသည်ဟု ပြောသည်။

“(လျှပ်စစ်မီးက) တစ်စက္ကန့်လေးမှကို မလာတာ။ နေ့ မီးမရှိ၊ ည ချက်ရပြုတ်ရအောင် မီးမရှိနဲ့၊ ညဆို အမှောင်ကျနေတာပဲ” ဟု သူက ဆိုသည်။

ဒေသတွင်း လျှပ်စစ်မီးပေးသော ဓာတ်အားပေးစက်ရုံခွဲအနီး တိုက်ပွဲများ ဖြစ်နေသဖြင့် လနှင့်ချီ မီးပျက်နိုင်သည်ဟု လျှပ်စစ်ဝန်ထမ်းများက ပြောကြောင်း ဇီးကုန်းမြို့ခံတစ်ဦးက ပြောသည်။

“လျှပ်စစ်သမားတွေကလည်း စစ်ဖြစ်တော့ သွားပြီး အဖြေမရှာရဲဘူး ပြောတယ်။ ထမင်းကတော့ ထင်းနဲ့ …မီးသွေးနဲ့ ချက်ရတယ်။ ရေကလည်း ရေရှိတဲ့နေရာ သွားချိုးနေရတယ်။ (အဲဒီလို မဟုတ်ရင်) တစ်နာရီကို နှစ်သောင်းနဲ့ ရေမော်တာ ငှားတင်နေရတယ်”

ကန့်ဘလူမြို့နယ်အလယ်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် ခမရ ၃၆၁ လက်အောက်ခံတပ်များက ငှက်ပျောတိုင်းရွာတွင် အင်အားတချို့ ချန်ကာ ဒေသတွင်း ဆက်လက်စစ်ကြောင်းထိုးခဲ့သည်၊ ထိုစစ်ကြောင်းနှင့် တိုးသော အင်းလယ်ကြီးရွာဒေသခံ အမျိုးသားနှစ်ဦးကို စစ်သားများက ပြန်လွှတ်လိုက်သော်လည်း ပျူစောထီးများက နှိပ်စက်သတ်ဖြတ်ခဲ့သည်။

လက်ရှိတွင် ကန့်ဘလူတောင်ဘက်ခြမ်းမှ ငှက်ပျောတိုင်း၊ ခအုံးတာ၊ ကျီးပင်အက်၊ အင်းလယ်ကြီး၊ ရွာမ၊ မြသဇင်၊ ပေကြီး၊ မြိုင်သာယာ၊ လေးလှ စသည့် ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို စားနပ်ရိက္ခာနှင့်အမိုးအကာအခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button