စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် စခန်းချထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ (အောက်တိုဘာ ၉) တွင် ဝင်တိုက်ရာ တိုက်ပွဲ နေ့ဝက်ကြာ ဖြစ်ပွားခဲ့သည်၊ စစ်ကောင်စီ၏ လေတပ်ကလည်း လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
နံနက် ၄ နာရီခန့်မှစ၍ ကန့်ဘလူခရိုင် အမှတ် (၃)၊ (၄) PDF တပ်ရင်းများက ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး ငှက်ပျောတိုင်းကျေးရွာအနီး တပ်စွဲထားသော အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက် PDF များထံမှ သိရသည်။
နံနက် ၇ နာရီ၊ နံနက် ၁၀ နာရီ၊ မွန်းလွဲ ၁ နာရီတို့တွင် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် လာရောက် ပစ်ခတ်ခဲ့သည်ဟု ခရိုင် အမှတ် (၃) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“35 နဲ့ ပစ်တာ ၃ ကြိမ်ပါ။ ရန်သူ့အထိုင်တွေကို လုံးလုခါနီးဆိုရင် လာပစ်လိုက်၊ လေကြောင်းပြန်သွားရင် ပြန်လုံးလိုက်နဲ့ ဖြစ်နေခဲ့တာ” ဟု သူက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ငှက်ပျောတိုင်းကျေးရွာမှ နေအိမ်အဆောက်အအုံများ ထိခိုက် ပျက်စီးနိုင်ကြောင်း၊ မြေပြင်တိုက်ပွဲတွင် ခရိုင်တပ်ရင်း အမှတ် (၃) နှင့် (၄) တို့မှ PDF တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရွာအနီး စခန်းချထားသော တပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကန့်ဘလူမြို့နယ်အလယ်ပိုင်းသို့ စစ်ကြောင်းထိုးလာသော ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၆၁) မှ ဖြစ်ကြောင်း၊ ငှက်ပျောတိုင်းရွာအရောက် ရွာအရှေ့ဘက်တွင် ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံအပါအဝင် နေရာ ၃ ခုတွင် တပ်စွဲနေရာယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ကျန် အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုးတောင်ဘို့ရွာဘက်သို့ ဆက်လက် စစ်ကြောင်းထိုးရန် ထွက်ခွာသွားသည်ဟု ဒေသခံများနှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စစ်ရေးတာဝန်ခံအဆိုအရ သိရသည်။
စခန်းချထားသော နေရာ ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ရန်သူက နေရာ ၃ ခုမှာ အထိုင်ချပြီး နေရာယူထားတာမှာ ၂ နေရာကို ကျွန်တော်တို့ ပြန်ယူလိုက်နိုင်ခဲ့တယ်၊ နောက်ဆုံးရွာရဲ့ အရှေ့တောင်ဘက်လောက်က တစ်နေရာကိုလည်း ရခါနီးဖြစ်နေပြီကို လေကြောင်းရောက်လာတာ”
လေကြောင်းပစ်ကူအပြင် ကန့်ဘလူမြို့ပေါ်အခြေစိုက် အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းမှ အင်အား ၁၀၀ ခန့်ပါ ကား ၃ စီးကပါ စစ်ကူရောက်လာ၍ မွန်းလွဲ ၂ နာရီခန့်တွင် တပ်ပြန်ဆုတ်ခဲ့ကြောင်း သိရသည်။
ငှက်ပျောတိုင်းကျေးရွာနေ ဒေသခံလူထုမှာလည်း စစ်သားများ ရွာအနီးသို့ ရောက်လာစဉ်ကတည်းက ရွာကို စွန့်ခွာရှောင်တိမ်းခဲ့ပြီးဖြစ်ကြောင်း PDF များက ဆိုသည်။
ဒေသခံ ၂ ဦး သတ်ဖြတ်ခံရ
တောတောင်များအတွင်း စစ်ရှောင်နေသော အင်းလယ်ကြီးကျေးရွာမှ ဒေသခံအမျိုးသား ၃ ဦး အောက်တိုဘာ ၆ တွင် စစ်ကြောင်းနှင့် တိုးသည်။
စစ်သားများက ထို ၃ ဦးကို ပစ္စည်းများသယ်ရန်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် အင်းလယ်ကြီးရွာ အနောက်ဘက် ၄ မိုင်အကွာရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးများ အထိုင်ချရာ ငါတို့ကျေးရွာအရောက် ပြန်လွှတ်လိုက်ကြောင်း၊ ပျူစောထီးတို့က သူတို့ကို သုသာန်သို့ ခေါ်ဆောင်သွားကာ ၂ ဦးကို သတ်ဖြတ်လိုက်ကြောင်း ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပြန်လွှတ်မယ်ဆိုပြီး အထမ်းခေါ်သွားတာ။ (စစ်သားတွေက) ပြန်တော့ လွှတ်တယ်၊ ငါတို့ရွာက ပျူတွေက ဖမ်းပြီး ပြန်သတ်လိုက်တာပဲ” ဟု သူက ဆိုသည်။
အသက် ၁၅ နှစ်အရွယ် အင်းလယ်ကြီးရွာသားမှာ ထိုရွာရှိ ပျူစောထီးများနှင့် ဆွေမျိုးမကင်းသူ ဖြစ်သည့်အတွက် အသတ်ခံရခြင်း မရှိကြောင်း၊ ကျန်နှစ်ဦးကို ဓားများဖြင့် မွှန်း၍ နှိပ်စက်ပြီးနောက် ပစ်သတ်ခဲ့ကြောင်း အသက်မသေဘဲ လွတ်မြောက်လာသူကို ကိုးကားပြီး ၎င်းက ဆက်ပြောသည်။
“(မသတ်ခင်) နှိပ်စက်သေးတယ် ပြောတယ်၊ နားရွက်တွေ ဓားနဲ့ လှီးပြီးမှ ပစ်သတ်တယ်လို့ ပြောတယ်။ လွတ်လာတဲ့ ကလေးကလည်း နှိပ်စက်ခံထားရတယ်။ ကျီးတီးကျက်တက် ဖြစ်နေတာ။ ဆေးကုနေရတယ်” ဟု ပလဖတာဝန်ရှိသူက ဆိုသည်။
သတ်ဖြတ်ခံရသူများသည် အသက် ၃၅ ဝန်းကျင်ရှိကြသည့် ကိုကျောက်စိမ်းဦးနှင့် ကိုတာဝင်း ဆိုသူတို့ ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးကျေးရွာများတွင် အထိုင်စခန်းချ တပ်စွဲရန် ကြိုးစားဖူးပြီး၊ ၂၀၂၃ နှစ်ဆန်းပိုင်းကလည်း ခင်ဦးမြို့နယ်နှင့် ကန်ဘလူမြို့နယ်အစပ်တွင် ရှိသည့် အလယ်ရှိုကျေးရွာတွင် ဝင်ရောက်တပ်စွဲရန် အင်အားအများအပြားဖြင့် ကြိုးစားခဲ့သေးသည်။
ထိုစဉ်က ကျေးရွာအတွင်း တပ်စွဲရန် ကြိုးစားသည့် စစ်ကောင်စီတပ်များကို မြို့နယ်နှစ်ခုမှ တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
စစ်ကောင်စီတပ်က ဒေသခံရွာသား အများအပြားကို သတ်ဖြတ်ပြီးမှ ပြန်လည်ဆုတ်ခွာသွားသည်။
ရွှေဘို-မြစ်ကြီးနား ကားလမ်းသည် မန္တလေးနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ပေးထားသည့် လမ်းကြောင်းဖြစ်သည်။
သို့သော်လည်း လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့စဉ်ကတည်းက စစ်ကောင်စီတပ်၏ ကားတန်းများ အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရမှုများကြောင့် ထိုလမ်းကို ပြန်လည်အသုံးမပြုသေးကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)