သတင်း

ခင်ဦး အလယ်လျှိုရွာတွင် တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်တပ် ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်အရှေ့မြောက်ခြမ်းရှိ အလယ်လျှိုကျေးရွာတွင် တပ်စွဲပြီး အရပ်သားများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများ ရက်ဆက် ခုခံတိုက်ခိုက်ခံရပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ တည်းက စစ်ကောင်စီတပ်က ရွာကို ဝင်ရောက်စီးနင်းထားစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် တပ်ရင်း ၃ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဒေသခံကာကွယ်ရေးအဖွဲ့ (LDF) များက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၉၊ ၃၁၊ ဇန်နဝါရီ ၁၊ ၂ တို့တွင် ကာကွယ်ရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝင်တိုက်ရာ ဇန်နဝါရီ ၂ တိုက်ပွဲတွင် မင်းကန်ကြီးကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ကိုမော်ကြီး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စကစတပ်တွေက ဇီးကုန်း (စစ်တပ် တပ်စွဲထားသည့်နေရာ) ဘက်ကို ထွက်သွားတဲ့အချိန် လမ်းဘေးမှာ ထောင်ထားတဲ့ မိုင်းတစ်လုံး ကျန်နေလို့ မင်းကန်ကြီးအဖွဲ့က သွားဖြုတ်တဲ့အချိန် ဗျူဟာလမ်းအတိုင်း လာတဲ့ ကားသုံးစီးနဲ့ တိုးပြီး တိုက်ခိုက်ခံလိုက်ရတာ။ သုံးယောက်ကတော့ ဒဏ်ရာတွေနဲ့ လွတ်ခဲ့ပေမဲ့၊ ကိုမော်ကြီးက ကျသွားတာ” ဟု မြို့နယ်ပကဖအဖွဲ့ဝင် ကိုမှန်ကြီးက ပြောသည်။

စစ်တပ် တပ်စွဲထားစဉ် အလယ်လျှိုရွာမှ ရွာခံ ၂၀ ခန့်ကို ဖမ်းဆီးကာ ထိုအထဲမှ ၉ ဦးကို သတ်ဖြတ်ခဲ့သည်၊ နွားများကို သတ်ဖြတ်သလို နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ပစ်သတ်ခံရသူများမှ ဦးချစ်ခင် (၆၅ နှစ်)၊ ဦးထွန်းမင်း (၄၈ နှစ်)၊ ဒေါ်ချောပို (၄၈ နှစ်)၊ ဦးအောင်မြင့်သန်း (၃၈ နှစ်)၊ ညီအစ်ကိုများဖြစ်သည့် ကိုအောင်ကို (၃၅ နှစ်)၊ ကိုဆန်းနိုင် (၂၁ နှစ်)၊ မောင်နေမျိုးအောင် (၁၇ နှစ်) နှင့် မောင်နှစ်မများဖြစ်သည့် ဦးကျော်စိုးအောင် (၄၃ နှစ်)၊ ဒေါ်ဝင်းဌေး (၄၅ နှစ်) တို့ဖြစ်သည်။

အလယ်လျှိုကျေးရွာ ဒေသခံ အနည်းဆုံး ၈ ဦးခန့် သတ်ဖြတ်ခံထားရကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂ က Myanmar Now တွင် ကနဦးသတင်းအဖြစ် ဖော်ပြထားပြီးဖြစ်သည်။

စစ်တပ်က ရွာမှ ဆုတ်ခွာစဉ် ဖမ်းဆီးထားသည့် ဒေသခံအများအပြားကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက်က ရွှေဘို-မြစ်ကြီးနားလမ်းဘေး ကပ်လျက်တည်ရှိသော အိမ်ခြေ ၁၀၀၀ ခန့်ရှိ အလယ်လျှိုကျေးရွာကို အမှတ် (၈) ရွှေဘိုလေ့ကျင့်ရေးတပ်မှ စစ်သား ၅၀ ခန့် ဝင်ရောက်စီးနင်းခဲ့ပြီး နောက်မှရောက်လာသည့် ပျူစောထီး အင်အား ၄၀ ခန့်နှင့်အတူ ရွာအတွင်း တပ်စွဲအခြေချရန် ကြိုးပမ်းခဲ့သည်။

“စကစနဲ့ ပျူတွေက စာသင်ကျောင်းအတွင်းမှာ အခိုင်အမာတပ်စွဲဖို့ လာပေမဲ့ တော်လှန်ရေးအဖွဲ့တွေက အပြင်းအထန်တိုက်ခိုက်လို့ (တပ်စွဲပြီး) သုံးရက်မြောက်နေ့မှာ ထွက်သွားရတယ်။ လေးရက်မြောက်နေ့မှာလည်း ပြန်ဝင်ဖို့ လုပ်ပေမဲ့ တိုက်ပွဲပြင်းထန်ပြီး မဝင်နိုင်ဘဲ၊ ကန့်ဘလူ ဇီးကုန်းဘက်အထိ ထွက်သွားတယ်” ဟု မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုလူချောဆိုသူက ပြောသည်။

ကျေးရွာအတွင်းအထိ ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သလို ရွှေဘိုလေ့ကျင့်ရေးတပ်မှ လာရောက်သည့် စစ်ကူများကို လမ်းကြောင်းတစ်လျှောက် ကာကွယ်ရေးအဖွဲ့များက မိုင်းခွဲ၊ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဇန်နဝါရီ ၂ တွင် ရွာအတွင်းမှ စစ်ကောင်စီတပ် ထွက်သွားခဲ့သည်၊ နောက်တစ်နေ့တွင် ရွာအတွင်းပြန်ဝင်ရန် ကြိုးစားသည့် ထိုစစ်သားများကို ကာကွယ်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရသည်ဟု သိရသည်။

ထိုကျေးရွာသည် ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်တွင် တပ်စွဲထားသည့် စစ်တပ်နှင့် အမှတ် (၈) ရွှေဘိုလေ့ကျင့်ရေးတပ်အကြား ရှိသော ကျေးရွာဖြစ်ပြီး အောက်တိုဘာလကတည်းက စစ်တပ်က ပျူစောထီးအခြေစိုက်ရွာဖြစ်စေရန် ကြိုးပမ်းနေ၍ နယ်မြေမပေးရရေးအတွက် ခုခံနေရသည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ယနေ့ (ဇန်နဝါရီ ၄) တွင် အမှတ် (၈) ရွှေဘိုလေ့ကျင့်ရေးတပ်မှ စစ်ကောင်စီတပ်သားများက ရွှေဘို-မြစ်ကြီးနားလမ်း၊ ခင်ဦးလမ်းဆုံတွင် နေရာယူကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် မွန်းလွဲပိုင်းအထိ တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ယနေ့ တိုက်ပွဲအတွင်း ရွှေဘိုခရိုင် PDF  တပ်ရင်း ၃ မှ တစ်ဦး၊ နဂါးညီနောင်ပြောက်ကျားအဖွဲ့မှ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးနေသည်။

ခင်ဦးနယ်အတွင်းမှ ဖမ်းဆီးခံရပြီး၊ ရွှေဘိုထောင်တွင် ထောင်ဒဏ်များချမှတ်ခံထားရသည့် အာဏာဖီဆန်သည့် ဝန်ထမ်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၇ ဦးကို လွှတ်ပေးခဲ့သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button