သတင်း

ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့်ပြဇာတ်ပွဲ စီစဉ်သူများ စိစစ်ရေးတင်မည်မဟုတ်

(ရန်ကုန်) – ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မနက်ဖြန်(ဇွန်လ ၉ ရက်)တွင် ကပြရန်စီစဉ်ထားသည့် ကချင်စစ်ဘေးရှောင်များ တေးသရုပ်ဖော်ပြဇာတ်ကို စိစစ်ရေးတင်ရမည်ဟု အာဏာပိုင်များက အမိန့်ထုတ်ထားသော်လည်း ပွဲစီစဉ်သူများက ခွင့်ပြုမိန့်မတင်နိုင်ဟု ဆိုသည်။

ကချင်ပြည်နယ်မှ သိန်းနှင့်ချီသော ဒုက္ခသည်များ ထွက်ပြေးနေခဲ့ရသည့်စစ်ပွဲ ခုနစ်နှစ်ပြည့်မြောက်မည့် လာမည့် ဇွန်လ ၉ ရက်တွင် စစ်ပြေးဒုက္ခသည်များအတွက် ဆွေးနွေးပွဲ၊ ဆုတောင်းပွဲနှင့် တေးသရုပ်ဖော်ပြဇာတ်တို့ကို မြစ်ကြီးနားမြို့နယ် မနောကွင်းတွင် ကျင်းပမည်ဖြစ်ရာ ပွဲစီစဉ်သူများနှင့် ဒေသဆိုင်ရာအာဏာပိုင်များအကြား ဆွေးနွေးပွဲနှင့် ဆုတောင်းပွဲအတွက် သဘောတူညီမှု ရခဲ့သော်လည်း တေးသရုပ်ဖော်ပြဇာတ် ကပြရန်အတွက် အချေအတင်ဖြစ်နေကြသည်။

“ကချင်စစ်ရှောင်လူငယ်တွေရဲ့ အခန်းကဏ္ဍတေးသရုပ်ဖော်ကို ခွင့်မပြုဘူး၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ပွဲမိန့် သီးသန့်တောင်းဆိုရမယ်ဆိုပြီးတော့ ပြောတယ်” ဟု အခမ်းအနား ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ဦးထွယ်အောင်က ပြောသည်။

လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခြင်း၊ ဆူပူခြင်းမျိုး မဟုတ်သဖြင့် ၎င်းတို့၏အစီအစဉ်ကို ခွင့်ပြုမိန့်မတင်ရန် ဦးဆောင်သူများက ဆုံးဖြတ်ထားသည်ဟု ၎င်းက ပြောသည်။

တေးသရုပ်ဖော်အစီအစဉ်ကို ပိတ်ပင်ခြင်းမဟုတ်ဘဲ ခွင့်ပြုမိန့်တင်ခိုင်းခြင်းသာဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းနိုင်က ပြောသည်။

“တစ်ခန်းရပ်ပြဇာတ်လိုမျိုးကျ ပါမစ်လိုသွားတဲ့အခါကျတော့ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ဘက်ကို သူတို့က တင်ပြရမယ်။ ထွေ/အုပ်က ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတာကတော့ သူတို့ဆုံးဖြတ်မှာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မပြုပေ။ အဆိုပါအစီအစဉ်တွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ရှိ အနည်းဆုံး စစ်ရှောင်စခန်း လေးခုမှ စစ်ရှောင်လူငယ်တချို့နှင့် စခန်းတာဝန်ခံများလည်း ပူးပေါင်းပါဝင်သွားမည်ဟု သိရသည်။

ဧပြီလအတွင်းက ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခြင်းကြောင့် စစ်ပွဲများအတွင်း ပိတ်မိနေသည့် စစ်ရှောင်အရပ်သားများကို ကယ်ထုတ်ပေးရန် ကချင်လူငယ်များက ဆန္ဒဖော်ထုတ်ခဲ့ပြီး အဆိုပါအစီအစဉ်လည်း ပိတ်ဆို့ဟန့်တားခံခဲ့ရဖူးသည်။

ကချင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ လူဦးရေ ၇,၄ဝဝ ကျော် တိုးလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် လွန်ခဲ့သည့် ခုနစ်နှစ်က မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် အရပ်သား သိန်းနှင့်ချီပြီး ထွက်ပြေးနေကြရသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသ လိုင်ဇာအခြေစိုက် ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့၏ ၁၇ နှစ်ကြာ တည်တံ့ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စစ်မီးတစ်ကျော့ပြန် တောက်လောင်ခြင်းနှင့်အတူ ပျက်စီးသွားခဲ့သည်။

Show More

Related Articles

Back to top button