
ဒေသခံတို့ကို အကြီးအကျယ်ဒုက္ခရောက်စေသည့် ကချင်ပြည်နယ်မှ တိုက်ပွဲများကို ရပ်တန့်ရန် တောင်းဆိုမှုများ အဆက်မပြတ် ပေါ်ထွက်လာနေသည်။
အောက်တိုဘာ ၈ ရက်နေ့တွင် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် အများအပြားက ရန်ကုန်မြို့ ဗန္ဓုလပန်းခြံရှေ့တွင် စုဝေးဆန္ဒပြပြီး တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ ကြသည်ကို တွေ့ရသည်။
ကချင်ပြည်နယ်မှ စစ်ပွဲသည် ရန်ကုန်တွင် မွေးဖွားကြီးပြင်းနေထိုင်နေသည့်သူ့အတွက် တိုက်ရိုက် ထိခိုက်နစ်နာခြင်းမရှိဟု ယေဘုယျဆိုနိုင်သော်လည်း မြန်မာနိုင်ငံသားတစ်ဦးဖြစ်ခြင်း ကြောင့် နိုင်ငံတွင်း ဖြစ်ပွားနေသော မည်သည့်စစ်ပွဲကိုမဆို လျစ်လျူရှုထား၍ မရကြောင်း ဆန္ဒပြသည့်နေရာသို့ လာရောက် လေ့လာသော ကချင်လူငယ်တစ်ဦးဖြစ်သည့် မအက်စတာက ပြောသည်။
“ပြည်သူပြည်သားတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ပြည်တွင်းနေရာအနံ့မှာ ဖြစ်နေတဲ့ စစ်ပွဲက ကျွန်မတို့နဲ့ သက်ဆိုင်တယ်။ ကျွန်မတို့နဲ့ စီးပွားရေးအရ၊ ပညာရေးအရ သက်ဆိုင်ပါတယ်” ဟု မအက်စတာက ပန်းခြံအနီး ဆန္ဒပြနေသူများကို ကြည့်ပြီး ပြောသည်။
အောက်တိုဘာ ၇ ရက်နေ့က ရန်ကုန်မြို့ ဘက်စုံကိုယ်ခံပညာသုံး ပြိုင်ပွဲတွင် ပိုလန်နိုင်ငံသားကို အနိုင်ရရှိသွားသူ အောင်လအင်ဆန်က ရာထောင်ချီသော ပရိသတ်များရှေ့တွင် စကား အနည်းငယ် ပြောဆိုရာ ကချင်ပြည်နယ်စစ်ပွဲများ ရပ်တန့်ရန် ပြည်သူအားလုံးဝိုင်းဝန်း ကူညီရန် တောင်းဆိုသွားသည်။
ကချင်ဒေသ လွှတ်တော် ကိုယ်စားလှယ် အများအပြားက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ ရေးသားပေးပို့သည့် စာတစ်စောင် တနင်္ဂနွေနေ့က ထွက်ပေါ်လာရာ ထိုစာထဲတွင် ကချင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်အရေအတွက် တစ်သိန်းကျော်လာပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ် နေရာအနှံ့သို့ စစ်မီး ကူးစက်မည်ကို ဒေသခံတို့ စိုးရိမ်နေကြကြောင်း ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော်မှ ၁၂ ဦး၊ အမျိုးသားလွှတ်တော်မှ ၁ဝ ဦး လက်မှတ်ထိုးထားကြသည့် အဆိုပါ တောင်းဆိုစာကို ကာကွယ်ရေးဦးစီးချုပ်နှင့် နေပြည်တော်ရှိ လွှတ်တော်ဥက္ကဋ္ဌများထံသို့ လည်း မိတ္တူ ပေးပို့ထားကြောင်း တွေ့ရသည်။
စစ်ပွဲကြောင့် ပြည်သူများ လွတ်လပ်စွာ သွားလာလှုပ်ရှားရန် တစ်နေ့ထက်တစ်နေ့ ခက်ခဲလာကြောင်း အဆိုပါ ပေးစာတွင် ရေးသားထားသည်။
မြစ်ကြီးနား၊ ဖားကန့် စသည့် ကချင်ပြည်နယ်မြို့များတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေသခံတို့က လမ်းပေါ်ထွက် ဆန္ဒပြကြပြီး တပ်မတော်၏ထိုးစစ် ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသား အများအပြားကလည်း ဝါရှင်တန်ရှိ မြန်မာသံရုံးရှေ့သို့ အောက်တိုဘာ ၇ ရက်နေ့က သွားရောက်ပြီး တိုက်ခိုက်နေမှုကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
KIA ကချင်လက်နက်ကိုင်အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် စုစည်းထားသည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကလည်း အောက်တိုဘာ ၈ ရက်နေ့က သဘောထားထုတ်ပြန်ရာ တပ်မတော်၏ထိုးစစ် ရပ်ဆိုင်းပြီး ပြဿနာများကို ညှိနှိုင်းဖြေရှင်းအဖြေရှာရန် တိုက်တွန်းထားသည်။
ကချင်ပြည်နယ်အတွင်း ရုတ်တရက် ပြင်းထန်လာနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ မူဝါဒ သဘောထား ထုတ်ပြန်ခြင်းကို မတွေ့ရသေးပေ။
တပ်မတော်၏ နေ့စဉ်ထုတ်သတင်းစာ မြဝတီတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်ပြည်နယ် စစ်ဘက်ဆိုင်ရာ သတင်းတချို့ ဖော်ပြထားပြီး KIA အဖွဲ့က ဆက်ကြေးကောက်ခြင်း၊ မိုင်းထောင်ခြင်း ပြုလုပ်နေကြောင်း အဆိုပါ သတင်းများတွင် ရေးသားထားသည်။
(လွမ်းဒေါင် သည် မြစ်ကြီးနားမြို့မှ လူငယ်တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့ Myanamr Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်)