
ရန်ကုန် – ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများအတွင်း ပိတ်မိနေသော ဒေသခံပြည်သူများ အမြန်ဆုံး လွတ်မြောက်လာရေး ဆောင်ရွက်ပေးရန် ဆန္ဒပြနေသူများနှင့် မြို့နယ်အာဏာပိုင်တို့အကြား ညှိနှိုင်းမှု ပြေလည်မှု မရရှိသေးကြောင်း သပိတ်စခန်းဦးဆောင်သူများထံမှ မေလ ၂ ရက်နေ့တွင် သိရသည်။
“လောလောဆယ် ကျွန်တော်တို့က ခွင့်ပြုမိန့်တင်တယ်။ သူတို့က ဒီညနေ ရဲစခန်းကို ပြန်လာခဲ့ပါလို့ ပြောတယ်။ ကျွန်တော်တို့ကတော့ မသွားတော့ဘူး” သပိတ်စခန်းဖွင့် ဦးဆောင်ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဦးလွမ်းဇောင်းက ပြောသည်။
မည်သို့ ဆက်လက် လှုပ်ရှားမည်ကို ဆန္ဒပြသူများကြားတွင် တိုင်ပင် ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။
ကနဦးဆန္ဒဖော်ထုတ်မှုကို ရန်ကြီးအောင်ရပ်ကွက်၊ မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ အထက(၁) နှင့် အထက(၈) အကြားတွင် ပြုလုပ်ခဲ့သော်လည်း အများပြည်သူ အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့်ဟုဆိုကာ မြို့နယ်ရဲတပ်ဖွဲ့က ဧပြီ ၃ဝ၊ ညနေ ၆ နာရီခန့်တွင် တားဆီးပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးသန်းဦးက မြစ်ကြီးနား မနောကွင်းနေရာတွင် ဆန္ဒဖော်ထုတ်ခွင့်နှင့် ဟောပြောခွင့်ကို ပြည်နယ်အစိုးရက ခွင့်ပြုပေးထားကြောင်း၊ ညအိပ်ခွင့်မရှိကြောင်း ပြောသည်။
မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကလည်း သပိတ်ဦးဆောင်သူတို့က မြို့အတွင်း လူစည်ကားသည့်နေရာတစ်ခုတွင် ဆန္ဒပြရန် တောင်းဆိုခဲ့ကြောင်း ပြောသည်။
“ကျွန်တော်တို့က အများပြည်သူ အနှောင့်အယှက်ဖြစ်မယ့်နေရာဆို မပေးဘူးဗျ။ အဲဒါကိုလည်း သက်ဆိုင်ရာ မြို့နယ်မှူးကို အစိုးရအဖွဲ့ရဲ့စာကို ညွှန်ကြားလိုက်ပြီး သူတို့က သက်ဆိုင်ရာ လျှောက်ထားသူတွေကို ခေါ်ရှင်းပြပါလိမ့်မယ်” ဟု ဦးသန်းဝင်းက ပြောသည်။
လတ်တလောတွင် မြစ်ကြီးနားမနောကွင်းအတွင်း သောင်တင်နေသည့် သပိတ်စခန်းအတွင်း မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်းအပါအဝင် မြို့နယ်အသီးသီးမှ ဆန္ဒပြသူ အရေအတွက် ၄ဝဝ ကျော် ရှိနေသည်။
ဧပြီ ၃ဝ ရက်နေ့က စစ်ဘေးရှောင်များ ဘေးလွတ်ရာရွှေ့ပြောင်းပေးရေး အပါအဝင် အချက်သုံးချက်ပါ ကြေညာချက်အား ကချင်လူငယ်ထုသပိတ်စခန်း ဦးဆောင်ကော်မတီက ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲများအကြား ပိတ်မိနေသည့် ဒေသခံများ ဘေးကင်းလွတ်မြောက်ရာသို့ မရောက်မချင်း ဆန္ဒဖော်ထုတ်မှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြစ်ကြီးနားနှင့် အခြားမြို့နယ်များမှ အရပ်ဘက်အဖွဲ့အစည်းများလည်း လာရောက် ပူးပေါင်းဖွယ်ရှိကြောင်း ဦးဆောင်ဆန္ဒဖော်ထုတ်သူတစ်ဦးဖြစ်သည့် ဒေါ်နန်ပူက ပြောသည်။
ခွင့်ပြုသည့်နေရာမှလွဲ၍ အခြားနေရာများတွင် ဆန္ဒဖော်ထုတ်ခဲ့ပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း အကြမ်းဖက်သည့်နည်းလမ်းကို အသုံးပြုရန် အစီအစဉ်မရှိကြောင်း မြို့နယ်မှူး ရဲမှူး ဦးသန်းဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစ၍ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာပြီး အရပ်သားများမှာ တနိုင်း၊ ဖားကန့်နှင့် အင်ဂျာယန်မြို့နယ်များတွင် ပဋိပက္ခ ဖြစ်ပွားရာနေရာများမှ ထွက်ခွာနိုင်ခြင်း မရှိသေးကြောင်း၊ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က ဧပြီ ၃ဝ ရက်နေ့တွင် အစီအရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ဒေသတွင်း တိုက်ပွဲများကြောင့် အသစ်ထပ်မံ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ လူဦးရေ ၅,ဝဝဝ ကျော် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။