
တစ်ကျော့ပြန် ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်အထိမ်းအမှတ် သရုပ်ပြတင်ဆက်မှုတွင် ဦးဆောင်ခဲ့သူ နှစ်ဦးကို အမိန့်ချသည့် တရားခွင်တွင် တရားသူကြီးအား ကြိုးတစ်ဖက်ပြတ်နေသော ချိန်ခွင်ပေးခဲ့သည့် ကချင်လူငယ် ကိုပေါလုကို ယင်းတရားသူကြီးက တရားစွဲဆိုလိုက်သည်။
“ငြိမ်းစုစီနဲ့လည်း မငြိဘူး။ အဲဒါကို ပြစ်ဒဏ်ချမှတ်လိုက်တာဆိုတော့ တရားစီရင်ရေးမဏ္ဍိုင်က ဖြောင့်မတ်မှတ်ကန်မှု မရှိဘူးဆိုပြီး လက်ဆောင်ပေးခဲ့တာ” ဟု ကချင်တစ်မျိုးသားလုံး ဆိုင်ရာ လူငယ်များသမဂ္ဂ ဥက္ကဋ္ဌ ကိုလွမ်းဇောင်း ကဆိုသည်။
ကချင်လူငယ်များဖြစ်သည့် မဆိုင်းနူးပန် နှင့် ကိုပေါလုတို့ကို မြစ်ကြီးနားမြို့နယ် တရားသူကြီးက တနင်္လာနေ့က အမိန့်ချအပြီးတွင် ယင်းချိန်ခွင်ကို ကိုပေါလုက တရားသူကြီးကို သွားရောက်ပေးလိုက်ခြင်း ဖြစ်သည်။
“အမိန့်ချပြီးတော့ ကျွန်တော်တို့က တရားခွင်ထဲက ထွက်လာတာ။ ပေါလုက တစ်ချက်ပြန်ဝင်သွားပြီး တရားသူကြီးကို စကားသွားပြောတာ။ အဲဒီမှာ ချိန်ခွင်ပေးခဲ့တာ၊ ဘာကြောင့်ပေးသလဲဆိုတာတော့ မမေးဖြစ်ဘူး။ ကာယကံရှင်ပဲ သိမှာပေါ့” ဟု ရှေ့နေဦးမာခါးက ပြောသည်။
မြစ်ကြီးနားမြို့နယ် တရားသူကြီး ဦးသန်းထွန်းက ကိုပေါလုကို အရေးယူပေးရန် ထိုမြို့နယ်တရားရုံးသို့ နောက်တစ်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ပြီး ထိုနေ့မှာပင် ရာဇသတ်ကြီး ပုဒ်မ ၂၂၈ ဖြင့် တရားရုံးကလက်ခံကာ၊ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်တင်နွယ်ဝင်းက လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း ကိုလွမ်းဇောင်းက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ် တရားရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ယနေ့ညနေ ၃ နာရီခန့်အထိ ဆက်သွယ်၍ မရသေးပေ။
ရာဇသတ်ကြီး ပုဒ်မ ၂၂၈ မှာ တရားစီရင်ရေး ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကားခြင်း၊ နှောင့်ယှက်ခြင်းတို့ပြုပါက အမြင့်ဆုံးထောင်ဒဏ် ခြောက်လအထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ၁၇ နှစ်တိုင် ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲမှု ကျိုးပျက်ပြီးနောက် တိုက်ပွဲများ တစ်ကျော့ပြန် စတင်ခဲ့သည့် ရှစ်နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်က မြစ်ကြီးနားမြို့ မနောကွင်း၌ ကျင်းပခဲ့ပြီး တေးသရုပ်ဖော်ပြဇာတ်ကို မြစ်ကြီးနားမြို့လယ်၌ ကချင်လူငယ်များက ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၈ ရက် ဆုတောင်းပွဲနှင့်ပတ်သက်၍ တရားမစွဲသော်လည်း ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် သရုပ်ပြတင်ဆက်မှုနှင့်ပတ်သက်ပြီး ခွင့်ပြုချက်မတောင်း၍ဟုဆိုကာ တာဝန်ခံနှစ်ဦးဖြစ်သည့် မဆိုင်းနူးပန် နှင့် ကိုပေါလုတို့ကို မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့ က ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုကာ မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ် ကျပ် ၃၀,၀၀၀ စီ သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချခဲ့ရာ ၎င်းတို့ နှစ်ဦးက ထောင်ဒဏ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။