
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူ အမျိုးသားတစ်ဦးမှာ လေးရက်အကြာတွင် ဒဏ်ရာများဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက် သေဆုံးသွားသည်။
သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ် ဦးဌေးဝင်းလှိုင်ဖြစ်သည်။ ၎င်းကို ဧရာဝတီမြစ် အနောက်ဘက်ကမ်း ထီးချိုင့်မြို့မြောက်ဘက် ငါးမိုင်ခန့်အကွာ ပေါက်ကုန်းရွာအနီးတွင် ဒီဇင်ဘာ ၈ ရက်တွင် စစ်တပ်က ဖမ်းသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်သုံးဦးက အတည်ပြုသည်။
ပေါက်ကုန်းရွာသည် ဦးဌေးဝင်းလှိုင်၏နေရပ် ကွင်းကြီးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာတွင် ရှိသည်။ စစ်ကောင်စီ စစ်ရေးလှုပ်ရှားစဉ် ရွာမီးရှို့ခံရလျှင် ဆုံးရှုံးမှုကြီးမားမည်စိုး၍ ၎င်းပိုင် ပစ္စည်း အချို့ကို မိနစ် ၂၀ ခန့် ခရီးသာရှိသည့် ထီးချိုင့်မြို့သို့ သွားပို့ပြီးအပြန်တွင်လမ်း၌ စစ်တပ်က ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပေါက်ကုန်းရွာနှင့် အနောက်ဘက် နှစ်မိုင်အကွာရှိ ရေပေါက်ကြီးရွာ၊ ထိုမှ သုံးမိုင်ခန့်အကွာ မြိုင်သာယာရွာတို့သို့ စစ်ကြောင်းချီရာ လမ်းတစ်လျှောက်တွင် ဦးဌေးဝင်းလှိုင်ကို စစ်ကောင်စီတပ်ဖွဲ့ က ခေါ်ဆောင်သွားသည်ဟု ဒေသခံတို့က ဆိုသည်။
“လမ်းခုလတ်မှာ မလိုက်နိုင်တော့ နှစ်ယောက်တွဲပြီး ခေါ်ခဲ့ရတဲ့အချိန်မှာ လမ်းမှာ စစ်သားတွေက (ဦးဌေးဝင်းလှိုင်ကို) ဆင့်ကဲဆင့်ကဲ လိုက်ကန်တာ၊ သေနတ်တွေနဲ့ (ထု)ထောင်းတာကိုလည်း ဘေးက လူတွေ မြင်တဲ့သူတွေရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက မျက်မြင်အချို့ကို ကိုးကား၍ ပြောသည်။
စစ်တပ်က ဖမ်းဆီးသွားချိန်တွင် ဦးဌေးဝင်းလှိုင်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း၊ ဒီဇင်ဘာ ၁၁ရက် ပြန်လွတ်လာချိန်တွင် ဦးဌေးဝင်းလှိုင်၏ ဦးခေါင်း၊ ခြေ၊ လက်တို့တွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေကြောင်း ရုပ်အလောင်းကို မြင်တွေ့ခဲ့ရသည့် ၎င်းက ဆက်ပြောသည်။
“အုတ်ဆက် ထိပ်တည့်တည့်မှာ သေနတ်တွေနဲ့ ထောင်းထားတာလား။ တုတ်နဲ့ရိုက်ထားတာလားတော့ မသိဘူး။ အုတ်ဆက်ကြီးပေါက်နေတယ်။ မျက်နှာတွေကလည်း တစ်မျက်နှာလုံးညိုမည်းနေတယ်။ တံတောင်ဆစ်တွေ စုတ်ပြဲနေတယ်။ ခြေသလုံးတွေ စုတ်ပြတ်နေတယ်။ ခြေသလုံးလည်း ညိုမည်း နေတယ်”။
စစ်တပ်က မြိုင်သာယာရွာ၌ ပြန်လွှတ်ပေးစဉ်ကတည်းက ဦးဌေးဝင်းလှိုင်မှာ သတိလစ်နေကြောင်း၊ မြိုင်သာယာရွာမှတစ်ဆင့် အရှေ့ဘက်ရှိ နေရပ် ကွင်းကြီးရွာသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ရန် ပြင်ဆင်နေစဉ် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း အထက်ပါ အမျိုးသားထံမှသိရသည်။
“(မြိုင်သာယာကနေ)လိုက်ထရပ်နဲ့တင်လာတာ။ ထီးချိုင့်ဘက်က မသယ်ပါနဲ့ဆိုတော့ တောလမ်း အတိုင်းပတ်လာတာ။ ဇီးသောင်ရွာက (သူ့ဆွေမျိုး)ခြံဝင်းထဲအထိ ရောက်တယ်။ ကားပေါ်ရွှေ့တင် လိုက်တဲ့အခါမှ ဆုံးသွားတာ”။
ဦးဌေးဝင်းလှိုင်သည် တောင်သူလုပ်ငန်းနှင့်အသက်မွေးသူဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သက်ခြင်းမရှိသည့် သာမန်အရပ်သားပြည်သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။ ၎င်း၏ ရုပ်အလောင်း ကို ဇာတိရွာဖြစ်သည့် ကွင်းကြီးရွာတွင် ဒီဇင်ဘာ ၁၁ ရက်နေ့ကပင် သဂြိုဟ်ခဲ့ ကြောင်း သိရသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ထီးချိုင့်မြို့နယ်တွင် စစ်တပ်က နိုဝင်ဘာ ၂၅ ရက်မှစတင်ကာ အင်အား ၃၀၀ နီးပါးဖြင့် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများအတွင်း ကျေးရွာများ မီးရှို့ခံနေရသလို ဒေသခံများ အသက်ဆုံး ရှုံးရသည့် ဖြစ်စဉ်များ ဆက်တိုက်ပေါ်ပေါက်နေသည်။ ထိုဒေသအတွင်းရှိ ဇီးသောင်ရွာအနီးတွင် ဒီဇင်ဘာ ၈ ရက်ကပင် အသက် ၈၇ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးကို စစ်တပ်က ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ဖူးသည်။
ထိုလုပ်ရပ်များကို စစ်ကောင်စီက ဝန်ခံလေ့ မရှိပေ။ ထီးချိုင့်မြို့နယ်အတွင်း ရွာများကို မီးရှို့နေသူမှာ ဝါရင့် ကချင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ KIA နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ လက်ချက် သာ ဖြစ်သည်ဟု ဒီဇင်ဘာ ၄၊ ၅ ရက်များတွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ သို့သော် လွန်ခဲ့ သည့် ငါးနှစ်ဝန်းကျင်အတွင်း ရခိုင်ပြည်နယ်၌ အလားတူကျူးလွန်မှုများကြောင့် စစ်ကောင်စီမှာ နိုင်ငံ တကာ တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)