
ထိန်းသိမ်းခံနေရသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆေးတပ်သား အမျိုးသမီး ၉ ဦးသည် ဒဏ်ရာရသူများကို ကုသနိုင်ရေးအတွက် လေ့လာသင်ယူထားသူများ ဖြစ်သော်လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဥ်းထောင်တွင်မူ ၎င်းတို့၏ ဒဏ်ရာများကို သင့်လျော်သည့် ကုသမှု ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
သူတိုထဲတွင် ကုသမှုလိုအပ်နေသူ ၄ ဦး အနည်းဆုံး ရှိသည်၊ ၂ ဦးမှာ ၂၀၂၁ နိုဝင်ဘာလက ကလေးမြို့ အနောက်တောင်ဘက်ရှိ ၎င်းတို့စခန်း ပစ်ခတ် စီးနင်းခံရစဥ်ကတည်းက ဒဏ်ရာ ရရှိထားသည်၊ ကျန် ၂ဦး၏ ဒဏ်ရာမှာ စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံရမှု၊ ထောင်တွင် အလုပ်လုပ်ကိုင်ရမှုတို့ကြောင့် ဖြစ်သည်ဟု အကျဉ်းထောင်သတင်းရပ်ကွက်ထံမှ သိရသည်။အသက် ၂၀ ကျော်အရွယ် လားလ်တန်ကီးမီးက ကျောတွင် ဒဏ်ရာ ရရှိထားသည်ဟု ဆိုသည်။
“လားလ်တန်ကီးမီးက စခန်းမှာတုန်းက မိုင်းစ ထိလို့ မိုင်းစက သူ့ကျောမှာ ခုချိန်ထိ ကျန်ရစ်ခဲ့တယ်၊ ခွဲစိတ်ရမှာ တဲ့ ဒေါက်တာတွေက ပြောတယ်၊ ထောင်ကနေလွတ်မှ နင်တို့ ခွဲစိတ်လိုက်တဲ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အသက် ၅၀ ဝန်းကျင် ထိုအမျိုးသားက ပြောသည်။လားလ်တန်လွေးအီ ဆိုသူမှာ ကျည်ထိဒဏ်ရာ ရရှိထားပြီး သင့်လျော်သည့် ကုသမှု လိုအပ်နေသည်။
“သူက စခန်းမှာတုန်းက ပခုံးနဲ့ လည်ပင်းမှာ ကျည် ရှပ်ထိထားတာ၊ ဒဏ်ရာရပြီး စစ်ကြော မေးမြန်းခံရတော့ သူ့ဒဏ်ရာက ကောင်းကောင်းမွန်မွန် မကုဘူးဆိုတော့ အနာက မကျက်နိုင်ဘူး၊ အဲဒီကောင်မလေးက။ ဆေးတွေတော့ မိသားစုက ပို့ပေးနေတယ်ဗျ” ဟု ထိုအမျိုးသားက ဆိုသည်။ညောင်ဒွန့်ကျင်းသည် နှိပ်စက်ခံရမှုကြောင့် နားတစ်ဘက် ထိခိုက်နေသည်၊ တချို့သော ထောင်တွင်းတရားခွင် ရုံးချိန်းကိုပင် သွားရောက်နိုင်ခြင်း မရှိဟု ဆိုသည်။
“သူ့မှာ နှလုံးရောဂါ ရှိတယ်၊ နားတစ်ဘက်က မကောင်း၊ စစ်ကြောရေးမှာ နှစ်ရက် သုံးရက်လောက်တောင် မထနိုင်ဘူး၊ အဲဒီလိုဖြစ်တယ်” ဟု သူက ဆက်ပြောသည်။ထောင်ထဲတွင် သန့်ရှင်းရေးလုပ်ငန်း လုပ်ရသဖြင့် ခါးနာနေသူမှာ ၂၃ နှစ်အရွယ် လားလ်ဖျန်းဖဲလ်အီး ဖြစ်သည်ဟု သိရသည်။
“မိုးရေထဲမှာ သမံတလင်း တိုက်ခိုင်းတာပေါ့၊ အဲဒီတုန်းက ခါးနာတာ ပေါ်တယ်၊ အဲဒီကတည်းက ခုချိန်အထိ ခါးက ပုံမှန်မဟုတ်သေးဘူးလို့ သိရတယ်” ဟု သူက ပြောသည်။
“သူတို့ ကျန်းမာရေးကိစ္စက နည်းနည်းတော့ ခက်တယ်ဗျ၊ ခါးနာတဲ့သူကတော့ အပြင်ကို သောက်ဆေး မှာတယ်၊ ဆရာဝန်ညွှန်းထားတဲ့ဆေးဖြစ်တယ် တဲ့၊ ခုချိန်အထိတော့ ဆေးက ရောက်မသွားသေးဘူး”
မိသားစုထံ မှာထားသော ဆေးမရသေးသည့် အကြောင်းရင်းကို မသိရသေးပေ။
ထောင်တွင်း တရားရုံးက ၎င်းတို့ကို အောက်တိုဘာ ၁၉ တွင် အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မ ၅၀(ည)၊ ၅၂(ဃ) တို့ဖြင့် ထောင် ၁၀ နှစ်စီ ချသည်၊ နိုဝင်ဘာ ၁ တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် ၂နှစ်စီ ထပ်မံချသည်ဟု သိရသည်။
၎င်းတို့ ၉ ဦးမှာ ချင်းပြည်နယ်နှင့် ကပ်လျက်တည်ရှိသော ကလေးမြို့မှ ချင်းတိုင်းရင်းသူများ ဖြစ်ကြပြီး အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတို့ကို စစ်တပ်က ပစ်ခတ်မှုအပြီး PDF အဖွဲ့တို့ ရောက်သွားကြသည်။
စတင်ဖမ်းဆီးခံရစဥ် ရိုက်ကူးထားသည်ဟု ယူဆရသော မှတ်တမ်းဓာတ်ပုံတွင် ချုပ်နှောင်ခံထားရသော အရွယ်တူ အမျိုးသမီးငယ်များက ရင်ဆိုင်ရသော အခြေအနေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေသည့်ဟန်မှာ အတိုင်းသား ပေါ်လွင်နေသောကြောင့် ၎င်းတို့သည် ထင်ရှားသည့် အကျဥ်းသားများထဲတွင် ပါဝင်လာသည်။
သို့သော်လည်း ၎င်းတို့၏ ကျန်းမာရေးနှင့် အထွေထွေ အခြေအနေကို ပြင်ပက သိရှိရန် ခက်ခဲနေသည်။
ဖမ်းဆီးခံရပြီး ၈ လ အကြာတွင် မိသားစုက အစားအစာ၊ ဆေးဝါး၊ ငွေကြေး ပို့ခွင့်ရလာသည်၊ ထောင်သို့အသွား လမ်းတွင် ပစ်ခတ်မှုများ ရှိတတ်သဖြင့် လုံခြုံရေး စိုးရိမ်နေရခြင်းမှာ မိသားစုများအတွက် အကြီးမားဆုံး အခက်အခဲထဲတွင် ပါဝင်သည်ဟု သိရသည်။
ထောင်တွင်း အခြေအနေ
အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်စဥ် ၂၀၂၁ မတ်လတွင် စမ်းမြို့ရပ်ကွက် နေအိမ်တွင် ဖမ်းဆီးခံရပြီး ၂ လအကြာ အကျဉ်းထောင်ဆူပူမှုတွင် ထောင်ဝန်ထမ်းတို့က ပစ်ခတ် ဘယ်ဘက်ပေါင်ကျည်ထိတားသူ အသက် ၃၀ ဝန်းကျင် ကိုမြကြိုင်သည်လည်း ကုသမှု လိုအပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ထောင်ထဲ မကျန်းမာသူ မြကြိုင်ရှိတယ်၊ သူက ထောင်ဆူပူမှုဖြစ်တော့ ခြေထောက် သေနတ်မှန်ထားတာ၊ ဆေးကုခွင့်မရဘူး” ဟု ကလေးမြို့အကျဉ်းထောင်အခြေအနေကို စောင့်ကြည့်နေသူ အဆိုပါ ဒေသခံက ပြောသည်။အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုဖြစ်အပြီး ကလေးထောင်တွင်လည်း ထောင်ဝင်စာပို့ခွင့် ယာယီပိတ်ခဲ့သည်၊ ယခုအခါ နှစ်ပတ်တစ်ကြိမ်ပို့နိုင်ပြီဖြစ်သည်။
ကလေးမြို့အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံနေရသူတို့အတွက် သောက်ရေမှာ သင့်လျော်မှုမရှိဟု သိရကြောင်း၊ အုတ်ကန်တွင် လှောင်ထားသောရေဖြစ်ကြောင်း ထောင်နှင့် ပတ်သက်ပြီး စုံစမ်းခဲ့သူ
တစ်ဦးထံမှ သိရသည်။
“ကလေးအကျဉ်းထောင်က ရေမကောင်းဘူး၊ အဲ့ဒါသောက်ရတယ်၊ ရေက နှောက်တယ်၊ သံချေးနံ့ နံတယ်လို့ ပြန်လွတ်လာသူတွေက ပြောတာပါ။ ရေတွင်းလား၊ အဝီစိလားတော့ မမေးမိလိုက်ဘူး။ အကျဉ်းသားတွေက အဲ့ဒီ ၁၅ မိနစ်ဖွင့်တဲ့အချိန် ရေခပ်ရတယ် ပြောပါတယ်၊ စုပြီးသောက်ကြရတာပါ။ ထောင်ဝန်ထမ်းတွေက သပ်သပ်သောက်ကြတာပါ” ဟု သူက ဆိုသည်။
“အသားဟင်းက တစ်ပတ်သုံးကြိမ်ကျွေးတယ်ပြောပါတယ်။ လက်သီးလောက် အသားတုံး သုံးကြိမ်စားရတယ်ပြောတယ်”
ထောင်ကတော့ မနက်တစ်ချိန်၊ နေ့ခင်းတစ်ချိန်၊ ညနေတစ်ချိန်ဖွင့်ပေးတယ်ပြောပါတယ်။ မနက်ဆို နနွင်းနဲ့ရောထားတဲ့ထမင်းစားရဖို့ ဖွင့်ပေးတာပါ။ ကြာချိန် ၁၅မိနစ်ပြီးရင်ပြန်ပိတ်။ နေ့ခင်းကတော့ ထမင်းစားဖို့၊ ရေချိုးဖို့အချိန်၁၅မိနစ်ပဲရတယ်ပြောတယ်။
ထောင်တွင်းအခြေအနေ၊ ဆေးဝါးကုသမှုလိုအပ်ချက်တို့အကြောင်း ပိုမို သိနိုင်ရေးအတွက် ထောင်တာဝန်ရှိသူများနှင့် နေပြည်တော် အကျဥ်းဦးစီးဌာနရုံးကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
အာဏာသိမ်းစစ်ခေါင်းဆောင်က ယခင် သမ္မတများကဲ့သို့ နေပြည်တော်သမ္မတရုံး ရွှေရောင်ပလ္လင်ရှေ့တွင်ထိုင်ပြီး ပထမဆုံးအကြိမ်လက်ခံတွေ့ဆုံသည့်ဧည့်သည်မှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဖြစ်သည်။ ထိုတွေ့ဆုံမှု ၁၈ လ ကြာပြီဖြစ်သော်လည်း ထောင်များ၊ အကျဥ်းစခန်းများကို ICRC ဝန်ထမ်းများ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးပါ။
ICRC ၏ အာရှပစိဖိတ်ညွှန်ကြားရေးမှူးက စစ်ကောင်စီ၏ ကျန်းမာရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးများကို တွေ့ဆုံပြီး ထောင်ဝင်စာ အမြန်ဆုံး ပြန်တွေ့ခွင့်ရရေး၊ ICRC ၏ လူသားချင်းစာနာမှုလုပ်ငန်းများ ထောင်တွင်း ဝင်ရောက်လုပ်ဆောင်ခွင့် ပြန်ရရေး တောင်းဆိုထားသည်။၂၀၂၀ မတ်လမှ စတင်ပြီး မိသားစု ထောင်ဝင်စာတွေ့ဆုံမှုကို ကိုဗစ်ကပ်ဘေးကြောင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
ကျောင်းသား ၂ ဦး ထောင်ဒဏ် ချမှတ်ခံရ
နိုဝင်ဘာ၂၉ တွင် ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နှင့်တရားစွဲခံထားရသည့် ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုဇင်မင်းထက်၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမျိုးသစ်ကျော်တို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချလိုက်သည်ဟု ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကိုမျိုးသစ်ကျော်ကို မနက်ပိုင်းအမိန့်ချတယ်။ ကိုဇင်မင်းထက်က နေခင်းပိုင်းလောက် အမိန့်ချတယ်။ အကြမ်းဖက်နဲ့တရားစွဲပြီး ၁၀ နှစ်စီ ချတာ။ တယ်လီဖုန်းနဲ့ဆက်ပြီး အမိန့်ချတာလို့သိရတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်မဖော်လိုသော ထိုလူငယ်က ပြောသည်။
“တရားသူကြီးကမြို့ပေါ်မှာပဲနေတာပါ၊ အကျဥ်းထောင်မသွားဘူး။ ဖုန်းနဲ့ပဲဆက်ပြီး ကျောင်းသားတွေ အမိန့်ချတာပါ။ ထောင်က မြို့နဲ့ဝေးပါတယ်။ မော်လိုက်ရွာဘေးမှာရှိတာပါ။ အရင်ကတော့ တရားသူကြီးက ထောင်ထဲထိလာပြီး အမှုစစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ကတော့ကလေး-တမူးလမ်းမှာ စစ်ရေးတင်းမာနေတာကြောင့် ထောင်ထဲမလာဘဲ တယ်လီဖုန်းနဲ့ဆက်ပြီး အမိန့်ချတာလို့ သိရပါတယ်”
ကိုဇင်မင်းထက်သည် ၂၀၂၁ မေ ၁၅ ရက်နေ့က စမ်းမြို့ရပ်ကွက်အတွင်း သွားလာနေစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။ ကိုမျိုးသစ်ကျော်သည် အောင်သစ္စာရပ်ကွက်ရှိ နေအိမ်ကို ဆိုင်ကယ်နှင့်အပြန် ကလေးဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်ဖြစ်သည့် ဒကစ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံသည်ကို တွေ့လိုက်ရသည်ဟု ဒေသခံတချို့က ပြောသည်။
သူတို့နှစ်ဦးမှာ ကလေးမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာတွင် ဦးဆောင် လှုပ်ရှားသူများဖြစ်သောကြောင့် စစ်ကောင်စီတပ်က ပစ်မှတ်ထား ဖမ်းဆီးခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။
လက်ရှိတွင်သူတို့နှစ်ဦး ကျန်းမာရေးကောင်းမွန်သည်ဟု မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ပြောသည်။နေအိမ်အပြန်လမ်းတွင် အဖမ်းခံရသူ ကိုဂျေညီစိုးကမူ လေဝင်လေထွက်နှင့် အလင်းရောင် မရှိသလောက် နည်းပါးသော အခန်းကျဉ်းတွင် ပိတ်လှောင်ခံထားရသဖြင့် ကျန်းမာရေး စိုးရိမ်ရသည်ဟု ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)