သတင်း

စစ်ကြောင်းနှင့်တိုးသည့် ဝက်လက်အခြေစိုက် PDF ၇ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၃၀) က မိုင်းထောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ၇ ဦး စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး အသတ်ခံရသည်။

၎င်းတို့မှာ ရွှေဘိုခရိုင် PDF တပ်ရင်း(၁) မှ ဖြစ်ပြီး ဝက်လက်မြို့အနောက်ဘက် ၈ မိုင်အကွာ ရေထွက်ရွာအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။

“တိုက်ပွဲရယ်လို့ ပြောမရပါဘူး။ ကိုယ်လူတွေက စစ်ကောင်စီရှိတဲ့ဘက်ကို ကပ်တဲ့အချိန် နောက်ကနေ ပြန်ဝိုင်းခံလိုက်ရတာ။ ရှေ့က မဲနေတဲ့အချိန် နောက်ကင်းနဲ့ တိုးပြီးပစ်ခံရတာပေါ့” ဟု သူက ပြောသည်။

ရွှေဘို-မန္တလေးကားလမ်းတစ်လျှောက် ကျေးရွာများကို နေ့စဉ် စီးနင်းနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ပြင်စဉ်နေစဉ် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းနှင့် တွေ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများမှာ အသက် ၂၀မှ ၂၅ နှစ်အတွင်း ဖြစ်ပြီး  ၎င်းတို့ကိုင်ဆောင်သော မောင်းပြန်သေနတ် ၅ လက်လည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် ရဲဘော်များ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ရုပ်အလောင်းများကို ယမန်နေ့ (နိုဝင်ဘာ ၃၀) ညနေက ကောက်ယူခဲ့ပြီး သက်ဆိုင်ရာတပ်ရင်းနေရာများသို့ သယ်ဆောင်ကာ နေ့ချင်းမီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များဘက်မှ ထုတ်ပြန်ထားသော သိမ်းဆည်းရမိသည်ဆိုသော လက်နက်များ။

စစ်တပ်က PDF များကို အရှင်ဖမ်းမိပြီးမှ အနီးကပ်ပစ်သတ်ထားခြင်း ဖြစ်နိုင်ကြောင်း ရုပ်အလောင်းများကို တွေ့ရှိခဲ့သည့် ရွှေဘိုခရိုင် တပ်ရင်း (၁) မှ PDF အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့အဖွဲ့က လက်နက်ကြီးမပါဘူး၊ လက်နက်ငယ်တွေပဲ ပါတာ။ သူတို့က လက်နက်ကြီးတွေနဲ့ပါ တရစပ်ကို ပစ်တာ။ ခံတော့ပစ်နိုင်လိုက်တယ်၊ သေချာတာကတော့ အရှင်ဖမ်းမိတာဗျ၊ သေစေနိုင်တဲ့ နေရာတွေကို တေ့ပစ်ထားတာ တွေ့ရတယ်” ဟု ထိုသူက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာသည့် ဓာတ်ပုံများအရ PDF ၃ ဦးတွင် ဦးခေါင်း အနီးကပ်ပစ်ထားသည့် ဒဏ်ရာတွေ့ရှိရပြီး ကျန် ၄ ဦး၏ဒဏ်ရာအနေအထားကို သဲသဲကွဲကွဲ မတွေ့မြင်ရပေ။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ကလည်း ဝက်လက်မြို့နယ် ရေထွက်ရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ မောက်ကြိုးရွာတွင် စစ်ကောင်စီကင်းပုန်းနှင့် တွေ့သော ထိုကျေးရွာမှ ပကဖနှစ်ဦး ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသည်။ 

“နောက်ချန်ကင်းပုန်းနဲ့ တွေ့သွားတာ။ ကိုယ့်ရဲဘော်နှစ်ယောက်က ကင်းပုန်းစောင့်သွားမယ်ဆိုပြီးအထွက် သူတို့ (စစ်သားတွေ)နဲ့ တွေ့သွားတာ” ဟု အထက်ပါ PDF အမျိုးသားက ပြောသည်။

PDF ၇ ဦးကို သတ်ဖြတ်သွားသည့် စစ်ကြောင်းသည် ယမန်နေ့က လှတောကျေးရွာမှတစ်ဆင့် ဝက်လက်မြို့အတွင်း ပြန်လည် ဝင်ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button