သတင်း

ထောင်တွင်း ဆယ်တန်းအောင်သူတို့ကို လွှတ်ရန် လူ့အခွင့်အရေးကော်မရှင် အကြံပြု

(ရန်ကုန်) – ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထောင်အတွင်းမှ ဖြေဆိုအောင်မြင်ခဲ့သူများထဲမှ ပြစ်မှုသေး ကျူးလွန်ခဲ့သူတို့ ပြင်ပတွင် ပညာဆက်သင်နိုင်ရန် လွတ်ငြိမ်းခွင့်ပေးသင့်ကြောင်း လူ့အခွင့်အရေးကော်မရှင်က အကြံပြုလိုက်သည်။

၂ဝ၁၇ – ၂ဝ၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၄၇ ဦး စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆိုသည်။ ၎င်းတို့အနက်မှ ၂၈ ဦးသည် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ၁ဝ တန်းအောင် အကျဉ်းသားများသည် ရာဇဝတ်ပြုမှု ကြီးကြီးမားမား ကျူးလွန်ထားသူမျိုးမဟုတ်ပါက ပညာသင်ကြားရေးအတွက် အကျဉ်းထောင်မှ လွှတ်ပေးရန် စဉ်းစားသင့်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဇွန် ၁၅ ရကနေ့တွင် ပြောသည်။

“တခြားသူတစ်ယောက်က မူးယစ်ဆေးဝါးလုပ်တယ်၊ သူက ဘေးနားမှာ ရှိနေတယ်၊ ဒါကြောင့် သူလည်း ပါဝင်တယ်ဆိုပြီး ဆွဲထည့်ခံထားရတဲ့ ပြစ်မှုမျိုးဆိုရင် လွှတ်ပေးသင့်တာပေါ့” ဟု ဦးယုလွင်အောင်က ပြောသည်။

ယခုအကြံပြုချက်သည် လူ့အသိုင်းအဝိုင်းက လက်မခံနိုင်လောက်သည့် ရာဇဝတ်မှုကြီး ကျူးလွန်ခဲ့သူများနှင့် အကျုံးမဝင်ဟု သူက ဆိုသည်။

“မုဒိမ်းကျင့်ပြီးမှ ထောင်ထဲရောက်တယ် ဆိုရင်တော့ ဒီလိုကလေးမျိုးကို ၁ဝတန်းအောင်ရုံနဲ့၊ စာသင်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်မပေးသင့်ဘူး” ဟု ကော်မရှင်အတွင်းရေးမှူးက ပြောသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး အိုးဘိုနှင့် ရန်ကုန် အင်းစိန်ထောင်များမှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်ခဲ့သည့် အကျဉ်းသားခုနစ်ဦးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးအကျဉ်းထောင်ဖြစ်သည့် အင်းစိန်ထောင်အတွင်းမှ ဂုဏ်ထူးသုံးဘာသာ တစ်ဦး၊ နှစ်ဘာသာ နှစ်ဦး၊ တစ်ဘာသာ လေးဦးအပါအဝင် စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား ၁၉ ဦးရှိကြောင်း ထောင်တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက Myanmar Now ကို ပြောသည်။

အများစုမှာ ခိုးမှု၊ လုယက်မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုတို့ဖြင့် အကျဉ်းကျခံနေရခြင်းဖြစ်ကြောင်း သိရသည်။

“လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်၊ မပေးသင့် ဆိုတာကတော့ အပေါ်ကလူကြီးတွေ ဆုံးဖြတ်ရမှာပေါ့။ လုယက်မှုနဲ့ ကျနေတဲ့ သုံးဘာသာထွက်တဲ့ ကလေးက လွတ်ရက်လည်း နီးပါပြီ၊ တစ်နှစ်ကျော်ကျော်လောက်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အကျဉ်းသားများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ၂ဝ၁၅ မှစ၍ အကျဉ်းထောင်အတွင်း သီးသန့်စာသင်ဆောင်များ ထားရှိပေးပြီး အဝေးသင်တက္ကသိုလ်ပညာ သင်ကြားခွင့်ပြုထားကြောင်း ၎င်းက ပြောသည်။ စာမေးပွဲနီးချိန်တွင် တက္ကသိုလ်မှ ဆရာများအား ခေါ်ဆောင်ကာ သင်ကြားပေးခြင်း၊ ထောင်တွင်း ပညာတတ်အကျဉ်းသားများကို အနီးကပ်ဆရာအဖြစ် သင်ကြားစေခြင်း စသည့်စနစ်ကို ကျင့်သုံးနေကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့အကျဉ်းသားများအား လူ့အခွင့်အရေးနှင့်အညီ ပညာသင်ကြားခွင့်ပေးနေသည့်အတွက် လူ့အခွင့်အရေးကော်မရှင်က အကျဉ်းဦးစီးဌာနကိုလည်း ချီးကျူးခဲ့သည်။

Show More

Related Articles

Back to top button