သတင်း

ရှမ်းမြောက်ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့မှစွန့်ခွာသူ ၆ ဦးကို သတ်ဖြတ်

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသူ အချင်းချင်းဖြစ်သော်လည်း သဘောထားမတိုက်ဆိုင်၍ အဖွဲ့မှစွန့်ခွာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦးကို ရှမ်းမြောက်အခြေစိုက် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားသည့် PSDA အဖွဲ့ဝင် ၁၄ ဦးခန့်မှာ ယခုလ ၂၃ ရက် ညဦးပိုင်းက တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့အနီး နေအိမ်တစ်ခုတွင်ရှိနေစဉ် အခြားအဖွဲ့ဝင်များရောက်လာကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သစ္စာဖောက်သည်ဆိုကာ သေနတ်များဖြင့် ပစ်ခတ်စဉ် ၆ ဦးသေဆုံးသွားပြီး ၄ ဦး အဖမ်းခံရကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ၄ ဦးအနက်မှ နှစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့က လက်နက်တွေ အကုန်ပါတယ်။ ကျွန်တော်တို့ကို ဘာမှလည်း မပြောဘူး။ သစ္စာဖောက်တွေ၊ ဒီကောင်တွေ အကုန်သတ်၊ အကုန်သတ်။ တွေ့တဲ့ကောင်တွေ ပစ်သတ်ဆိုပြီးတော့ လက်စလက်နအကုန် ဖျောက်တဲ့ သဘောမျိုးပါ။ ကျွန်တော်တို့က ကံကောင်းလို့လွတ်သွားတယ်” ဟု အသက် ၂၅ နှစ်အရွယ် ဆာဒန်ဆိုသူက ပြောသည်။ 

အသတ်ခံရသူများမှာ အသက် ၂၂ နှစ်အရွယ် Raw ဆိုသူအပါဝင် ၂၃ နှစ်အရွယ် ကိုကျော်ကျော်၊ ၂၅ နှစ်အရွယ် ကိုလှိုင်ကြီး၊ ကိုမုန်တိုင်း၊ ကိုနေကြီးနှင့် ၂၇ နှစ်အရွယ် ကိုမောင်ဇော်တို့ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။ 

အဆိုပါ သတ်ဖြတ်မှုကို ဦးဆောင်လာသူများမှာ PSDA အဖွဲ့၏ ပြန်ကြားရေးနှင့် ဒုဗျူဟာမှူး ကိုကျော်ကြီး၊ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ အခြားအဖွဲ့ဝင်များကိုလည်း စစ်ကောင်စီ သတင်းပေး ကို လုပ်ကြံရန်ဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု ဆာဒန်ဆိုသူ လူငယ်က ပြောသည်။

ပစ်သတ်ခံရသူများ၏ ခန္ဓာကိုယ်တွင် ကျည်ဆန်ရာ အများအပြားရရှိထားသည်ကို ဓာတ်ပုံမှတ်တမ်း များတွင် တွေ့ရသည်။ ပစ်ခတ်ခံရသည့်နေရာတွင် ကျည်ဆံအခွံ ၇၀ ခု ထက်မနည်းတွေ့ရကြောင်းလည်း ကိုဆာဒန်က ဆိုသည်။ 

အချင်းချင်းသတ်ဖြတ်ခံရသည့် PSDA အဖွဲ့ဝင်ခြောက်ဦး၏ ရုပ်အလောင်းများ။

သေနတ်မှန်ထားသည့် ကိုလှိုင်ကြီးကို တွဲ၍ထွက်ပြေးရန်ကြိုးစားသော်လည်း နောက်ကလိုက်လာသဖြင့် ကိုယ်လွတ်ရုန်းပြေးခဲ့ရကာ အသက်ရှင်နေသေးသည့် ကိုလှိုင်ကြီးကို ကက်ကြေးဖြင့်ထိုးသတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထွက်ပြေးလွတ်မြောက်သူလေးဦးအနက် တစ်ဦးမှာ တတောင်ဆစ်တွင် ကျည်ထိမှန်ဒဏ်ရာရရှိထားပြီး အခြားတစ်ဦးမှာမူ လက်မောင်းတွင် ရှပ်ထိဒဏ်ရာရှိခဲ့ကြောင်း ကိုဆာဒန်က ပြောသည်။

အိမ်အောက်ထပ်တွင် စုဖွဲ့စကားပြောနေသည့် အဖွဲ့နှင့်ရုန်းရင်းဆန်ခတ်ဖြစ်၍ အိမ်အပေါ်ထပ်မှကြည့်စဉ် ပစ်ခတ်ဖမ်းဆီးနေသဖြင့် အပေါ်ထပ်ပြတင်းပေါက်မှခုန်ချထွက်ပြေးခဲ့ကြောင်း အခြားလွတ်မြောက်လာ သူတစ်ဦးဖြစ်သည့် အသက် ၂၀ အရွယ် မောင်စိန်ဆိုသူလူငယ်က ပြောသည်။

အဖွဲ့၏ အုပ်ချုပ်မှုကိုမကြိုက်၍ တပ်ကိုစွန်ခွာထွက်ပြေးခဲ့ကာ စွန်ခွာခဲ့သူများ အတူစုဖွဲ့နေခြင်းကို မကျေ နပ်၍ သတ်ဖြတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သစ္စာဖောက်ဆိုပြီး ကျွန်တော်တို့ကို ဝင်ပစ်တာပေါ့။ တကယ်ဆို ကျွန်တော်တို့ကို သူတို့မကျေနပ်ရင် ပြစ်ဒဏ်ပေးထောင်ချလို့ ရပါတယ်။ ဒါတွေက PDF တွေအတွက် တောထဲမှာ လုပ်နေကြပဲလေ။ အဲလို မဟုတ်ဘဲ ရောက်တာနဲ့တန်းပစ်တာ” ဟု မောင်စိန်က ပြောသည်။

PSDA အဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဧပြီးလဆန်းတွင် စုဖွဲ့ခဲ့ခြင်းဖြစ်ပြီး ဒေါ နသံလွင်ဆိုသူက ဦးဆောင်ခဲ့သည်။ လွန်ခဲ့သည့် ၉ လကျော်က တိုက်ပွဲတစ်ခုတွင် ၎င်းကျဆုံးခဲ့ပြီးနောက် ရွှေလီသံလွင်ဆိုသူက အဖွဲ့ကို ဆက်လက်ဦးဆောင်ခဲ့သည်ဟု သိရသည်။ 

ရှမ်းမြောက်တွင် စစ်ကောင်စီ၏ စစ်ယာဉ်တန်းကိုမိုင်းခွဲခြင်း၊ မြို့ပြပျောက်ကြားတိုက်ခိုက်ခြင်းတို့ ပြုလုပ်နေသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးတွင် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၁ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့် အရာရှိတစ်ဦး ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ခေါင်းဆောင် အပြောင်းအလဲဖြစ်ပြီးနောက် အုပ်ချုပ်မှုပုံစံကိုမကြိုက်သလို တော်လှန်ရေးရန်ပုံငွေကို ကိုယ်ကျိုးသုံးစွဲသည်ဟုဆိုကာ တပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးမှုရှိလာကြောင်း ၂၃ ရက်ညက အဖွဲ့ လိုက်ပစ်ခတ်သတ်ဖြတ်ခံရမှုတွင် လွတ်မြောက်လာသူများက ဆိုသည်။​

ယခုဖြစ်စဉ်တွင်ပါဝင်နေသည့် တပ်ဖွဲ့ဝင် ၁၄ ဦးအနက် ၃ ဦးသည် အဖွဲ့တာဝန်ရှိတို့ကို အသိပေးပြီး လက်နက်ခဲယမ်းများပြန်အပ်ကာ ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် အဖွဲ့မှနုတ်ထွက်ထားကြောင်း ကိုဆာဒန်က ဆိုသည်။

အခြားထွက်ပြေးသူများမှာလည်း သွားလာရမလွယ်ကူ၍ လက်နက်များ မယူခဲ့ကြောင်း၊ ၁၄ ဦးတွင် ပစ္စတိုတစ်လတ်သာရှိကြောင်း၊ ရှိသည့်အင်အားစုဖွဲ့၍ ဆရာဟောင်းဖြစ်သူ၏အမည် “ဒေါနသံလွင်” အမည်ဖြင့် အာဏာသိမ်းမှုကို ဆက်လက်တော်လှန်ရန် စီစဉ်နေချိန် သတ်ဖြတ်ခံရသည်ဟု ဆိုသည်။ 

“တပ်ပြေးဆိုရင်တောင် သူတို့အနေနဲ့ ကောင်းကောင်းမွန်မွန် ညှိနှိုင်ဖို့တော့လိုတယ်ဗျ၊ အခုက ကောင်းကောင်းမွန်မွန်လည်း မညှိနှိုင်းဘူး။ တွေ့တာနဲ့ ကျွန်တော်တို့ကို တရစပ်ကိုပစ်သတ်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြက်ကလေး ငှက်ကလေးကို ပစ်သတ်သွားတာ” ဟု ၎င်းက ဆိုသည်။

ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA)၏ Facebook စာမျက်နှာတွင် တပ်ဖွဲ့ဝင်​ ဟီးရိုး၊ စိန်ကြီးနှင့် သူရတို့သည် တပ်မှထွက်ပြေးသဖြင့် ထုတ်ပယ်ကြောင်း ယခုလ ၁၈ ရက်တွင် ကြေညာထားသည်။ 

ထွက်ပြေးသူများ နေအိမ်တစ်ခုတွင် စုဖွဲ့ရောက်ရှိနေကြောင်းသိရ၍ ပြန်ခေါ်ရန်သွားရောက်စဉ် သေနတ်ဖြင့် စတင်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA)၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုကျော်ကြီးက ပြောသည်။

“ခွဲထွက်သွားတာကို ကျွန်တော်တို့ဘက်က အပြစ်မမြင်ဘူး။ တော်လှန်ရေးနောက်တစ်ဖွဲ့ဖွဲ့တာကို အားပေးပါတယ်။ ဒါပေမဲ့ အခုဟာက တော်လှန်ရေးနောက်တစ်ဖွဲ့ ဖွဲ့စည်းမယ့်သဘောမဟုတ်ဘဲ လမ်းကြောင်းတွေ မတည့်တော့တဲ့အတွက် သွားရောက်ညှိနှိုင်းချိန်မှာ ပစ်ခတ်မှုဖြစ်တာပါ” ဟု ၎င်းက ဆိုသည်။

တပ်ဖွဲ့မှ လက်နက်ယူထွက်ပြေးသူများသည် စခန်းကိုပြန်လည်တိုက်ခိုက်သည့် ဖြစ်စဉ်များရှိခဲ့ပြီး ယခုတစ်ခေါက်တွင် မဖြစ်ရန်ထိန်းသိမ်းသည့်သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ရန်ပုံငွေများ ကိုယ်ကျိုးသုံးသည်ဟုသောစွပ်စွဲချက်မှာ ပုဂ္ဂိုလ်ရေးတိုက်ခတ်မှုဖြစ်သည်ဟု ၎င်းက ဆိုသည်။

PSDA အဖွဲ့အစည်းကိုပြိုကွဲစေလိုသည့် ရည်ရွယ်ချက်ဖြင့်လှုပ်ရှားမှုလည်းရှိပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ သေဆုံးသူများကို သင်္ဂြိုဟ်ခဲ့ပြီး ဖမ်ဆီးထားသူ ၄ ဦးကို စစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။ 

စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် PSDA အဖွဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်ဖွဲ့တစ်ခု မဟုတ်သော်လည်း NUG နှင့်ချိတ်ဆက်ဆောင်ရွက်မှုများရှိသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်မှု အချို့ရှိရာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ပေါ်ပေါက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

 

Show More

Related Articles

Back to top button