
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့တွင် အချင်းချင်းသတ်ဖြတ်မှု ကျူးလွန်သူတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်သလို ထိုအဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တွင် ခေါင်းဆောင်မှုကို မနှစ်သက်၍ အဖွဲ့မှ နုတ်ထွက်သည့် တပ်ဖွဲ့ဝင်များ ၂၀၂၂ နိုဝင်ဘာ ၂၃ တွင် မူဆယ်မြို့အနီး နေအိမ်တစ်ခုတွင် ပစ်ခတ်ခံရစဉ် ၆ ဦး သေဆုံး၊ ၄ ဦး ဖမ်းဆီးခံရကာ ၄ ဦး လွတ်မြောက်ခဲ့သည်။
ထိုဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် ရှမ်းမြောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကျူးလွန်သူများကို အစည်းအဝေးတက်ရောက်ရန် အကြောင်းပြ ဖိတ်ခေါ်ကာ နိုဝင်ဘာ ၃၁ တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု မူဆယ်ဗျူဟာပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုဒိုးက ပြောသည်။
ကိုဒိုးတို့အဖွဲ့သည် PSDA အဖွဲ့ကို ဖျက်သိမ်းပြီးနောက် တပ်ဖွဲ့ဝင်ဟောင်းများ၊ သတ်ဖြတ်ခံရစဉ် အသက်ရှင်လွတ်မြောက်ခဲ့သူများနှင့် ဖေဖော်ဝါရီ ၁၈ တွင် ပြင်ဆင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အကြီးအကဲများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးနှင့် တရားရေးဝန်ကြီးဌာနတို့ ပူးပေါင်း ကိုင်တွယ်ခဲ့သည်၊ ကျူးလွန်သူ ၂၅ ဦးကို စစ်ခုံရုံးက ဖေဖော်ဝါရီ ၆ တွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်ဟု ကိုဒိုးက ပြောသည်။
သတ်ဖြတ်မှုကို အဓိကကြိုးကိုင်သည့် တာဝန်ခံ ရွှေလီ (ခ) အေးမင်းဇော်၊ ကျော်ကြီး (ခ) မိုးဇက်အောင်၊ နော်ဝမ်း (ခ) ဝေယံလင်း၊ ဇော်ကျူး (ခ) ဇော်သက်အောင်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မူဆယ်ဗျူဟာပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၉ တွင် ထုတ်ပြန်သည်။
ပစ်ခတ်မှုတွင် ပါဝင်သည့် အခြားအဖွဲ့ဝင် ၆ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်သည်၊ အခြား ၁၅ ဦးကို ရှမ်းမြောက်ဒေသမှ နယ်နှင်ဒဏ်ပေးကာ အဖွဲ့ကို တရားဝင်ဖျက်သိမ်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြစ်ဒဏ်ချခံရသူများကို မည်သည့်ဒေသ၊ မည်သည့်အဖွဲ့အစည်း၏နယ်မြေတွင် ချုပ်နှောင်ထားကြောင်းကို အဖွဲ့သစ်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“ထောင်က ရှိပြီးသားပါ။ နေရာကတော့ ပြောလို့မရဘူး။ သူတို့အတွက် သီးသန့်ထောင်က လုပ်ထားပါတယ်။ ပြည်နှင်ဒဏ်မဟုတ်ဘူး၊ နယ်နှင်ဒဏ်ပေးတာပေါ့၊ ရှမ်းမြောက်မှာ နေလို့မရတာပေါ့။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဆက်လုပ်လို့ မရဘူး” ဟု ကိုဒိုးက ပြောသည်။
သေဒဏ်အထိ ထိုက်သင့်သည့် ပြစ်မှုဖြစ်သော်လည်း တော်လှန်ရေးတွင် ပါဝင်မှုကို ထောက်ထားကာ ကျူးလွန်သူများကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ရန်သာ စစ်ခုံရုံးက ဆုံးဖြတ်ခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။
သတ်ဖြတ်မှုမှ အသက်လု လွတ်မြောက်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆာဒန်ဆိုသူကလည်း ပြစ်ဒဏ်နည်းပါးလွန်းသည်ဟု ဝေဖန်သည်။
“ဖြစ်နိုင်ရင် သေဒဏ်ပဲ ချစေချင်တာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
အချင်းချင်းသတ်ဖြတ်မှုဖြစ်စဉ်ကို သခန်းစာယူပြီးနောက် မူဆယ်ဗျူဟာအဖွဲ့ကို ပွင့်လင်းမြင်သာမှုရှိစွာ ဖွဲ့စည်းထားသဖြင့် တော်လှန်ရေးအောင်နိုင်သည်အထိ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း၊ အခြားအဖွဲ့ဝင်ဟောင်းများလည်း အလားတူပါဝင်လာကြောင်း ဆာဒန်က ဆိုသည်။
NUG စည်းကမ်းချက် လိုက်နာရေး
ပြင်ဆင်ဖွဲ့စည်းထားသော အဖွဲ့အမည်တွင် တရုတ်မြန်မာနယ်စပ်မြို့အမည်ဖြစ်သည့် မူဆယ်ဟု ဖော်ပြထားသည်၊ အင်အားမည်မျှရှိသည်ကို မသိရသေးပေ။
၂၀၂၂ နှစ်လယ်ပိုင်းတွင် ထုတ်ပြန်ထားသော စစ်ရေးမွမ်းမံသင်တန်းရုပ်သံတစ်ခုတွင် စစ်ယူနီဖောင်းဝတ် သင်တန်းသူ၊ သင်တန်းသား ၁၀၀ ကျော် ပါဝင်သည်ကို တွေ့ရသည်။
အသစ်ပေါ်ပေါက်လာသော အဖွဲ့က NUG ၏ စစ်ရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်၊ ရှမ်းမြောက်ဒေသ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်အဖြစ် လက်တွဲမည်၊ စစ်ကောင်စီကို တော်လှန်သွားမည်ဟုလည်း ကိုဒိုးက ပြောသည်။
“တော်လှန်ရေးလုပ်တယ်ဆိုတာက ပြည်သူအဓိကပေါ့။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကို ဆက်လက်ဝန်းရံပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့က နှစ်နှစ်နီးပါး ရှိပါပြီ၊ လုပ်လာခဲ့တာ။ အဖွဲ့ကသာ အခုမှ ပြန်စရတာပါ။ လုပ်ငန်းအတွေ့အကြုံတွေရှိပါတယ်။ ပြည်သူတွေအနေနဲ့ ဆက်လက်ယုံကြည်ပေးဖို့ပေါ့” ဟု ၎င်းက ပြောသည်။
ယခင်အဖွဲ့ဟောင်းဖြစ်သည့် PSDA အဖွဲ့ကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီတွင် ဒေါနသံလွင် ဆိုသူက ဦးဆောင်တည်ထောင်ခဲ့သည်။
တိုက်ပွဲတစ်ခုတွင် ထိုသူ သေဆုံးပြီးနောက် ရွှေလီသံလွင်ဆိုသူက ဆက်လက်ဦးဆောင်ခဲ့သည်။
ရွှေလီသံလွင်လက်ထက်တွင် တပ်ဖွဲ့ရန်ပုံငွေ အလွဲသုံးစားမှုများ ပေါ်ပေါက်ခဲ့ပြီး ခေါင်းဆောင်မှုကို မနှစ်သက်ကြသဖြင့် နုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)