ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်စခန်းကို ဇွန် ၂၄ ရက်က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း ကျဆုံးသွားသည်ဟု ရှမ်းမြောက်ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တာဝန်ရှိသူက ပြောသည်။
နံနက် ၅ နာရီခန့်တွင် လားရှိုး-မူဆယ်ကားလမ်းမဘေး တောင်ကုန်းတစ်ခုတွင် စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ အမှတ် ၄၂၇ ခြေမြန်တပ်ရင်း တပ်စွဲထားသည့်စခန်းမှ စစ်သားသုံးဦး အပြင်ထွက်လာစဉ် ပြောက်ကျားနည်းဗျူဟာဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“စစ်ကြောင်းထိုးလာရင် စောင့်ကြိုပြီးတိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတာ။ ဒါပေမဲ့ သူတို့က ကင်းပုန်းဝပ်ထားပြီးသားဖြစ်နေတာ။ ထိပ်တိုက်သွားတွေ့လိုက်တဲ့အချိန်မှာ ကျွန်တော်တို့က လက်ဦးမှု ယူမိသွားတဲ့သဘောဖြစ်တာပေါ့”
ထိုကင်းစခန်းအနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တစ်ခုက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ကူပေးသဖြင့် နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ PSDA ဘက်မှ ထိခိုက်မှုမရှိကြောင်း ထိုသူက ဆိုသည်။
လာရှိုး-မူဆယ်လမ်းပိုင်းကို သယ်ယူပို့ဆောင်ရေးအတွက် အမြဲတစေအသုံးပြုလေ့ရှိသည့် စစ်ကောင်စီက ထိုဒေသတွင် အင်အားအများအပြားဖြင့် စစ်ရေးလှုပ်ရှားခြင်း၊ ကင်းပုန်းဝတ်ခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း PSDA တာဝန်ရှိသူထံမှ သိရသည်။
“လာရှိုးကနေ မူဆယ်အထိက သူတို့ ပစ္စည်းတစ်ခုပို့တော့မယ်ဆိုရင် တစ်လမ်းလုံး လုံခြုံရေးယူတယ်။ အဲလိုမျိုးဖြစ်စဉ်တွေက အမြဲတမ်းရှိတယ်။ အတွင်းပိုင်းထဲအထိ လိုက်တာတော့ ရှားတာပေါ့။ ဒီဘက်က EAO (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့) တွေရဲ့ အခံလည်းရှိနေတာကြောင့် သိပ်မလုပ်ဘူးပေါ့”။
တိုက်ခိုက်ခဲ့သည့် ကင်းစခန်းမှာ နမ့်ဖက်ကာကျေးရွာနှင့် ပန်ကိုင်ရွာကြားတွင်ရှိပြီး လက်ရှိတွင် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း PSDA တာဝန်ရှိသူထံမှ သိရသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ဒေသကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာကာ ခုခံမှုများ မြင့်တက်နေချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်သည်ဟု ယူဆနိုင်သော်လည်း စစ်ကောင်စီကမူ သတိထားစောင့်ကြည့်နေကြောင်း ၎င်းက ဆက်ပြောသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ရှမ်းမြောက်ဒေသတွင် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့သာမက အာဏာသိမ်းပြီးနောက် ဒေသအလိုက်ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်များကို မကြာခဏတိုက်ခိုက်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)