သတင်း

မလေးမူးယစ်မှု နောက်တိုးတရားခံများမှာ တပ်ကြပ်ဟောင်း ဦးမင်းနိုင်နှင့် ဟာဂျီယက်ဆင်း၏ ယောက်ဖဖြစ်သည်

(ရန်ကုန်) – မလေးရှားတွင် စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံက တင်ပို့ခဲ့သော မူးယစ်ဆေးဝါးအမှုနှင့် ဆက်စပ်ပြီး အဓိကတရားခံအဖြစ် ဖမ်းဆီးခံထားရသူ မောင်မောင် (ခေါ်) ဟာဂျီယက်ဆင်းအပြင် အမျိုးသား ၂ ဦးအားလည်း ဖမ်းဆီးထားပြီး ၎င်းတို့အားလုံးကို ယနေ့တွင် ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် တရားရုံး၌ ချုပ်ရမန်ယူခဲ့သည်။

ဟာဂျီယာဆင်ကို ဒုတိယအကြိမ် ချုပ်ရမန် ရယူခြင်းဖြစ်ပြီး၊ အခြားဖမ်းဆီးထားသော အမျိုးသား ၂ ဦးကိုမူ ယနေ့တွင်မှ ချုပ်ရမန် ရယူခြင်းဖြစ်သည်။

ထိုအမျိုးသားနှစ်ဦးနှင့်ဆက်စပ်ပြီး အာဏာပိုင်များက ယနေ့အချိန်ထိ တရားဝင်သတင်း ထုတ်ပြန်ထားခြင်းမရှိသော်လည်း၊ ၎င်းတို့အနက် တစ်ဦးမှာ ဟာဂျီယက်ဆင်းက မလေးရှားနိုင်ငံ သို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် အကောက်ခွန်ဆိုင်ရာ စာရွက်စာတမ်းကိစ္စရပ်များ အကျိုးဆောင်ပေးသော Nice Guy Clearance Service Agency ပိုင်ရှင် ဦးမင်းနိုင် ဖြစ်ကြောင်း ယနေ့ရုံးထုတ်တွင် တွေ့ရှိရသည်။

ဦးမင်းနိုင်သည် တပ်မတော်ထောက်ပံ့ပို့ဆောင်ရေးတပ်မှ တပ်ကြပ်ဟောင်းတစ်ဦးဖြစ်သည်ဟု Myanmar Now က လွန်ခဲ့သည့် ရက်သတ္တပတ်တွင် စုံစမ်းဖော်ထုတ် သတင်းရေးသားခဲ့ပြီး၊ ၎င်းသည် ဟာဂျီယက်ဆင်း၏လုပ်ငန်းများအား ဝန်ဆောင်မှုပေးခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဦးမင်းနိုင်သည် ယခုအမှုတွင် ဇွန်လ ၂ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသူ ဖြစ်ပြီး၊ အမှုတွင် ပထမဆုံး ဖမ်းဆီးခံရသူ ဖြစ်သည်။ ၎င်းကိုဖမ်းဆီးပြီး ၃ ရက်အကြာတွင် ဟာဂျီယက်ဆင်း ကို မန္တလေးမြို.အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တတိယမြောက်တရားခံအဖြစ် ဖမ်းဆီးခံခဲ့ရသူမှာ ဟာဂျီယက်ဆင်း၏ မလေးရှားနိုင်ငံတွင် နေထိုင်သော ပထမဇနီး၏ မောင်ဖြစ်သူ ဇေယျာဟိန်းဖြစ်သည်။ ၎င်းသည် အသက် (၃၀) ဝန်းကျင်ရှိပြီး၊ ရန်ကုန်မြို. ပုဇွန်တောင်မြို့နယ် ၅၃ လမ်းတွင် နေထိုင်သူဖြစ်ကာ မွတ်စလင်တစ်ဦးဖြစ်သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

၎င်းတို့ သုံးဦးစလုံးကို အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုအမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနသည် ကနဦး သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သော်လည်း အဓိကတရားခံ မောင်မောင် ခေါ် ဟာဂျီယက်ဆင်းကိုသာ အမည်တပ်၍ ဖော်ပြပြီး အခြားဖမ်းဆီးထားရသူများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များအား ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ ထုတ်ဖော်ပြောကြား၊ ကြေညာခြင်း မရှိသေးပေ။

မြန်မာနိုင်ငံမှ တင်ပို့လိုက်သော ကုန်သေတ္တာတစ်လုံးအတွင်းမှ လက်ဖက်ခြောက်ထုပ်များထဲတွင် ဝှက်ကာ တင်ပို့လိုက်သည့် ၁ ဒသမ ၂ တန်နီးပါးရှိ မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါး များ (တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၈ သန်း) ကို မလေးရှားအာဏာပိုင်များက မေလ ၂၂ ရက်နေ့ တွင် မလေးရှားနိုင်ငံ၌ သိမ်းဆည်း ရမိခဲ့ကာ မလေးရှားနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကိုပါ ဖမ်းဆီးခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာတစ်ခုထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တာမွေမြို့နယ်နေ ဟာဂျီယက်ဆင်းက လာရောက်ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူ ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးမင်းနိုင်၏ မိန်းမဖြစ်သူ မသီတာမိုးမှာ U Kaung Trading Co.Ltd မှ ဒါရိုက်တစ်ဦးဖြစ်သည့်အပြင်၊ လှည်းကူးမြို.နယ်ရှိ Nice Guy ရေသန့်စက်ရုံပိုင်ရှင် ဖြစ်သည်။ မူးယစ်ဆေးဝါးများကို မလေးရှားသို့မတင်ပို့မီ ထိုရေသန့်စက်ရုံမှ ပုဇွန်တောင်မြို.နယ်ရှိ ကုန်လှောင်ရုံတစ်ခုသို့ သယ်လာပြီး သိမ်းဆည်းခဲ့ကြောင်းလည်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် မသီတာမိုးအား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း ရှိမရှိကိုမူ အာဏာပိုင်များက သတင်းထုတ်ပြန်ခြင်းမရှိဘဲ ယနေ့ရုံးထုတ်တွင်လည်း ၎င်းအား မတွေ့ရှိရပေ။

Show More

Related Articles

Back to top button