သတင်း

ကော်ဘရာစစ်ကြောင်းတိုက်ခံရ၊ ထောက်ပို့ရဲမေ ၂ ဦးနှင့် ရဲဘော် ၁ ဦး သေဆုံး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ လက်အောက်ခံ ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၂ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ချုံခိုတိုက်ခိုက်ရာ ၃ ဦး သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူများမှာ ထောက်ပို့ရဲမေ နော်အယ်မူး၊ အခြားရဲမေတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။

သေနတ်ဒဏ်ရာများကြောင့် သွေးထွက်လွန် သေဆုံးသည့် ထို ၃ ဦး၏ ရုပ်အလောင်းများကို ယနေ့နံနက် (နိုဝင်ဘာ ၂၃) တွင် ယာဉ်အတွင်း ပြန်တွေ့ရသည်ဟုလည်း ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကော်ဘရာတပ်ဖွဲ့ဝင်များ မြို့တောင်ဘက် မြဝတီ−ဝေါလေလမ်းပေါ်ရှိ ကျောက်ခတ်ကျေးရွာတွင် ဈေးဝယ်အပြီး အပြန်လမ်းတွင် စစ်ကောင်စီက စက်လက် (Auto Machine Gun) များဖြင့် ချုံခိုပစ်ခတ်သည်ဟု ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အပြန်မှာ ဖြစ်တာပါ၊ အရင်က ကော်ဘရာတပ်ဖွဲ့ ကင်းရှိတဲ့နေရာတွေပါ၊ အခု စစ်ကောင်စီက တောင်ကြားကနေ တက်ပြီး၊ ကင်းပုန်းယူပြီး ဈေးဝယ်အပြန်ကားကို စောင့်ပစ်ကြတာလို့ သိထားရတယ်” ဟု ၎င်းက ပြောသည်။

ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၁၂ ဦးအနက်မှ ၅ ဦးမှာ စတင်ပစ်ခတ်ခံရချိန်တွင် လွတ်မြောက်သွားသည်ဟု သိရသည်။ ယာဉ်ထဲတွင် ကျန်နေခဲ့သည့် ၇ ဦးအနက် ၃ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် ဒဏ်ရာရရှိထားသည့် ရဲဘော်တစ်ဦးကို ယနေ့နံနက်တွင် အသက်ရှင်လျက် ပြန်တွေ့သည်ဟု ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သူ နောက်တစ်ဦးက ပြောသည်။

ကျန် ၂ ဦး၏ အခြေအနေကို မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button