သတင်း

စစ်ကောင်စီ တပ်ရင်းတစ်ခုလုံးနီးပါးပြုတ်ဟု ကော်ဘရာစစ်ကြောင်းပြော 

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း ဝေါလေဒေသသို့ စစ်ကူတက်လာသည့် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတစ်ခုလုံးနီးပါး ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ တပ်ရင်းမှူးနှင့် ဒုတိယတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးကာ လက်နက်အများအပြား သိမ်းဆည်းရရှိသည်ဟု ထိုတပ်ဖွဲ့၏ ယမန်နေ့ (ဇူလိုင် ၁၃) ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မြဝတီနှင့် ဝေါလေမြို့အကြား သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြားတွင် တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) ၈ နှင့် ဇူလိုင် ၁၂ ရက်က တိုက်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ကော်ဘရာစစ်ကြောင်းက ထိုသို့ စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်၊ ဝေါလေဒေသ ဥကရစ်ထစခန်းကို ဇွန် ၂၆ ကတည်းက KNU ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေသဖြင့် မြဝတီမြို့နယ် လေးကေ့ကော်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက် တိုးချဲ့ဝင်ရောက်လာနေသည့် စစ်ကောင်စီတပ်ကူများကို ကော်ဘရာစစ်ကြောင်းက ခုခံနေခြင်းဖြစ်သည်။

“(စစ်ကောင်စီဘက်က) တပ်ရင်းမှူးတို့ ဒုတပ်ရင်းမှူးတို့ အပါအဝင် အရာရှိတွေ အများအပြားသေဆုံးတာပေါ့နော်။ အဲဒါကိုတော့ ကျွန်တော်တို့ အတည်ပြုပေးလို့ရတယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

RPG ဗုံးသီးများ၊ လက်ပစ်ဗုံးများ၊ ၄၀ မမ ဗုံးသီးများ၊ နင်းမိုင်းများ၊ ၅.၅၆ ကျည် ၅၀၀၀၊ စက်လက်ကျည် ၃၀၀၀ နှင့် MA – 1  သေနတ် ၁ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုစစ်ကြောင်းက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

“အနီးကပ် လက်တစ်ကမ်းပစ်ထားတာတွေရှိတယ်။ အလောင်းတွေ ရထားတာလည်းရှိတယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထိုဒေသတွင် တိုက်ပွဲများဆက်ဖြစ်နေပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ မပြီးပြတ်သေး၍ စစ်ကောင်စီတပ်သား သေဆုံးမှုအရေအတွက် အတိအကျထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

ခလရ ၈ သည် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန် ၂၀၂၀ မေလ ၁၆ တွင် မြောက်ဦးမြို့မှ ၈ မိုင်အကွာ ရန်ကုန်-စစ်တွေ ကားလမ်းဘေးရှိ လက္ကာရွာကို ဝင်ရောက်မီးရှို့ခဲ့သော တပ်ရင်း ဖြစ်သည်ဟု ပြည်တွင်းသတင်းဌာနအချို့၏ မှတ်တမ်းများတွင် တွေ့ရသည်။

သိမ်းဆည်းရမိသော စစ်ကောင်စီတပ်မှ ကျည်ဆန်များအား ဇူလိုင် ၁၂ ညပိုင်းက ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-Cobra Column) 

ထိုလမ်းပိုင်းတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပေါက်ရရန် ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ကြောင်း၊ ယနေ့ (ဇူလိုင် ၁၃) မွန်းတည့်ချိန်အထိ စစ်ကောင်စီအဖွဲ့ ပိတ်မိနေဆဲဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

မြဝတီမြို့တောင်ဘက် ဝေါလေဒေသသည် KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင်နယ်မြေအတွင်း ရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည်။

အလားတူ ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ် (BGF) တပ်များ လှုပ်ရှားမှုများရှိနေပြီး BGF သည် စစ်ကောင်စီတပ်နှင့်အတူ ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ 

ဝေါလေဒေသတွင် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်း ၅ ရင်း ဝင်ရောက်ကာ စစ်အင်အားတိုးချဲ့နေပြီး ဥကရစ်ထစခန်း မကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော် ပြုလုပ်ထားသည်။ 

စစ်ကူတက်လာသည့် ခမရ ၂၀၇ တပ်ရင်းကို ပြီးခဲ့သည့် ဇူလိုင် ၇ က မြဝတီ-ဝေါလေကားလမ်းမ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့သည်။

ဇူလိုင် ၉ ကလည်း ဝေါလေဒေသအတွင်းတိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရသူများကို သယ်ယူပို့ဆောင်ပေးရန် တာဝန်ကျသည့် ခြေမြန်တပ်ရင်း (ခမရ) ၁၀၂ မှ တပ်သား ၅ ဦး ကော်ဘရာစစ်ကြောင်းထံသို့ ထွက်ပြေးခဲ့သလို ဧပြီ ၂၈ ရက်က ၄၄ လက်အောက် ခမရ (၁) မှ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နှင့် ကော်ဘရာစစ်ကြောင်းထံ ခိုလှုံလာသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးထားသည့် KNU က စစ်တပ်၏ ထိုလုပ်ရပ်ကို လက်မခံနိုင်ကြောင်း၊ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အတိအလင်းပြောထားသည်။

ယင်းနောက်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ KNU ထိန်းချုပ်ရာ ဒေသများတွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခဲ့ပြီး တိုက်ပွဲအများအပြားတွင် လေကြောင်းပါ သုံး၍ အပြင်းအထန်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button