သတင်း

မြဝတီတွင် စစ်ကောင်စီက ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်နေ

ကရင်ပြည်နယ် မြဝတီမြို့ တောင်ပိုင်း ဖလူး-ဝေါလေ ကားလမ်းပိုင်း ဒေသအခေါ် သုံးထပ်ကွေ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်း၊ ကြည်းကြောင်းမှ ယနေ့ (ဩဂုတ်၂၃) တွင် ထိုးစစ်ဆင်နေသည်။

နံနက် ၁၀ နာရီနောက်ပိုင်း စစ်လေယာဉ် ၄ စီးက သုံးထပ်ကွေ့အနီး တောင်ကြောပေါ်သို့ ဖျက်အားပြင်းဗုံးများ ကြဲချနေသလို အတွဲလိုက် စနစ်သုံး MLRS ဒုံးများဖြင့် ပစ်နေကြောင်း၊ မြေပြင်တွင် တပ်မ ၄၄ က စစ်ရေးလှုပ်ရှားနေကြောင်း စစ်ကောင်စီကို ခုခံနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ Cobra စစ်ကြောင်း ပြောခွင့်ရသူထံမှ သိရသည်။

ညနေအထိ မြေပြင်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက် ထိခိုက် သေဆုံးမှုများရှိသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။

ထိုဒေသအတွင်း သေ့ဘောဘိုး စစ်ကောင်စီစခန်းကို မေ ၁၈ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ Cobra နှင့် ပူးပေါင်းအဖွဲ့က ဝင်သိမ်းသည်။

ဇွန်လတွင် ထိုင်း၊ မြန်မာနယ်စပ် သေ့ဘောဘိုးအနီးရှိ ဥကရစ်ထစခန်းကို တော်လှန်ရေးအဖွဲ့များက ထပ်မံ တိုက်ခိုက်ပြီးနောက် တစ်လဝန်းကျင်အကြာတွင် စစ်တပ်က ထိုဒေသသို့ အင်အားအလုံးအရင်း ဖြန့်ကြက်လာသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး KNUထံ ဘက်ပြောင်းခိုလှုံသည့် စစ်သားများရှိသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူအားကိုးဖြင့် ဖလူး-ဝေါလေ လမ်းပိုင်း၌ နယ်မြေစိုးမိုးရန် အပြင်းအထန်ကြိုးစားလာခြင်းဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်းတွင် စစ်ကောင်စီ အပြင်းအထန်စစ်ဆင်နေသည့် အခြေပြမြေပုံ။

တိုက်ပွဲများကြောင့် ဖလူးဒေသရှိ ပလော်တပို့ စစ်ရှောင်စခန်းတွင် လူဦးရေ ၁၀၀၀ ကျော် ရှိလာပြီး ထိုအထဲတွင် ကလေး ငယ် ၄၀၀ ခန့်ပါဝင်ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းအတွင်း စာသင်ကျောင်း ပိတ်ထားရကြောင်း ထိုနေရာတွင်ရှိနေသည့် ဒေသခံတစ်ဦးထံမှ သိရသည်။

အခိုင်အမာ ခံစစ်ပြင်ထားသည့် နေရာများကို လာရောက်တိုက်ခိုက်နေသည့် စစ်ကောင်စီ မြေပြင်တပ်များ အကျအဆုံးများနိုင်သည်ဟု Cobra စစ်ကြောင်း ပြောခွင့်ရသူက ခန့်မှန်းသည်။

“ကျွန်တော်တို့က ခံစစ်ဆိုတော့ မြေနေရာ အသာစီးရတယ်၊ နယ်မြေကျွမ်းကျင်တယ်၊ ရန်သူ ဘယ်နားကနေ လာတယ် ဘယ်လိုလာတယ်ဆိုတာကို တွက်ချက်နိုင်တယ်” ဟု ၎င်းက ပြောသည်။

သုံးထပ်ကွေ့နေရာကို လာလိုလျှင် ဖလူးဘက်မှ တောင်ပေါ်တက်ရသည့် အနေအထားဖြစ်၍ တော်လှန်ရေးအဖွဲ့များ ချုံခိုတိုက်ရန် အခွင့်သာသည်ဟု ထိုဒေသတွင် တာဝန်ထမ်းဆောင်ဖူးသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးလင်းထက်အောင်က မှတ်ချက်ပြုထားသည်။

လက်တွေ့တွင်လည်း ဇူလိုင်လမှစကာ ထိုဒေသတွင် အင်အားသုံး၍ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီမှာ သုံးထပ်ကွေ့ကို ကျော်လွန်နိုင်ခြင်းမရှိသေးပေ။

ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အာဏာသိမ်းသည့် လုပ်ရပ်ကို ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (KNU) က လက်မခံဘဲ ဒီမိုကရေစီအရေး လှုပ်ရှားသူ အများအပြားကို ခိုလှုံခွင့်ပေးခဲ့သည့် နောက်ပိုင်းတွင် ၎င်းတို့ ထိန်းချုပ်ရာ ဒေသများအတွင်း စစ်ကောင်စီက လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေသလို မြေပြင်ထိုးစစ်များပါ ဆင်နွှဲနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button