သတင်း

မြ၀တီမြို့နယ်အတွင်း စခန်းကုန်းတစ်ခု ကော်ဘရာစစ်ကြောင်း လက်လွှတ်ရ

ကရင်ပြည်နယ်၊ မြဝတီတောင်ပိုင်း ဖလူး-ဝေါလေ လမ်းပိုင်းကို  စစ်ကောင်စီက လေကြောင်း၊ မြေပြင် စစ်ကြောင်းများနှင့် ထိုးစစ်ဆင်နေသဖြင့်  ယမန်နေ့ (ဩဂုတ် ၂၃) တွင် ထိုဒေသရှိ ရှေ့တန်းစခန်းကုန်းတစ်ခုကို ဆုတ်ခွာပေးလိုက်ကြောင်း ကော်ဘရာစစ်ကြောင်းက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်ရင်း (၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသော နယ်မြေများတွင် တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး နောက်ဆုတ်ပေးလိုက်သည့် စခန်းတွင် စစ်ကောင်စီတပ်သားတို့ ရောက်ရှိနေသည်ဟု ဆိုသည်။ 

“သူတို့နဲ့ ဆိုင်ထားတဲ့ ရှေ့ဆုံး ကုန်းတစ်ကုန်းပေါ့နော်။ အဲ့ဒီကုန်းကတော့ သူတို့ကို ပေးလိုက်ရတယ်။ မနေ့က ညနေ ငါးနာရီလောက်မှာ အဲ့ဒီအပေါ် တက်ပြီးတော့ သူတို့ တပ်စွဲထားတယ်” ဟု ကော်ဘရာစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို အတည်ပြုသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် တိုက်လေယာဉ် ၅ စီး၊ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့်က တိုက်လေယာဉ် ၂ စီး ဖြင့် သုံးထပ်ကွေ့ အနီးတဝိုက်ကို ဖျက်အားပြင်းဗုံးများ ကြဲချခဲ့သည်ဟု ဆိုသည်။

အတွဲလိုက်စနစ်သုံး MLRS ဒုံးများအပါအဝင် လက်နက်ကြီး ပစ်ကူအမြောက်အမြား အသုံးပြုကာ မြေပြင်တွင်လည်း တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းများက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင်  ထုတ်ပြန်သည်။

နံနက် ၉ နာရီခန့်မှ ညနေ ၄ နာရီခန့် အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကော်ဘရာစစ်ကြောင်းဘက်မှ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးဒဏ်ရာရမှုများ မသိရသေးသလို တိုက်ပွဲအခြေအနေ အသေးစိတ်ကို ကော်ဘရာက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။ 

ဇူလိုင်လမှစတင်၍ မြဝတီနှင့်ကော့ကရိတ်မြို့နယ်များအတွင်း စစ်ကောင်စီက စစ်ကြောင်းအများအပြားဖြင့်  ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကော့ကရိတ်မြို့နယ်တွင်  KNLA တပ်ရင်း ၁၈ နှင့် ၂၇ တွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားခဲ့သည်။ 

အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် ထိုသို့ တိုက်ပွဲ အများအပြား ဖြစ်ပွားပြီး စစ်ကောင်စီတပ် အထိနာနေစဥ် တိုင်းမှူး အပြောင်းအလဲ ဖြစ်ခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်သည့် ဗိုလ်ချုပ် မြတ်သက်ဦးသည် ကရင်နှင့် မွန် ဒေသ စစ်ဆင်ရေးများအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။

တိုင်းမှူးနေရာ အပြောင်းအလဲ ဖြစ်ပြီးနောက် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေများ ဒေါနတောင် အနောက်ခြမ်းနှင့် အရှေ့ခြမ်းရှိ ကော့ကရိတ်မြို့နယ်၊ သင်္ဃန်းညီနောင်၊ မြဝတီမြို့နယ် ဖလူး-ဝေါလေ ကားလမ်းပိုင်းများကို  ဝေဟင် မြေပြင် အင်အားအများအပြားသုံးပြီး စစ်ရေးတိုးချဲ့ကာ အပြင်းထန်ဆုံး တိုက်ခိုက်နေသည်။ 

-ဧပြီ ၁၀ ရက်က ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုမှ လေယာဉ်ဗုံးအကြွင်းအကျန်တချို့။ (ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း)

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ဩဂုတ် ၁ ရက်မှ ၂၀ ရက်တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကော်ဘရာစစ်ကြောင်းနယ်မြေသည် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်သည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။

လူထုထောက်ခံမှုမရှိသည့်အပြင် နယ်မြေကျွမ်းကျင်မှုအားနည်းသော စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူမပါဘဲ တိုက်ပွဲမဖြစ်နိုင်သည့် အနေအထားသို့ ရောက်လာသည်ကို တွေ့ရသည်။

တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသည့် သုံးထပ်ကွေ့နေရာသည် ဖလူးဘက်မှလာလျှင် တောင်ပေါ်တက်ရသည့် အနေအထားဖြစ်၍ တော်လှန်ရေးအဖွဲ့များ ချုံခိုတိုက်ရန် အခွင့်သာသည်ဟု ထိုဒေသတွင် တာဝန်ထမ်းဆောင်ဖူးသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဗိုလ်ကြီးလင်းထက်အောင် က မှတ်ချက်ပြုသည်။

လက်တွေ့တွင်မူ ဇူလိုင်လမှစ၍ ထိုဒေသတွင် အင်အားသုံး၍ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီမှာ သုံးထပ်ကွေ့ ကို ကျော်လွန်ပြီး ဖလူး-ဝေါလေ ကားလမ်းမကို စိုးမိုးနိုင်ခြင်းမရှိသေးပေ။

“ဒီလို စခန်းကုန်းလေးတစ်ခု ရဖို့ တစ်လခွဲလောက်ကြာအောင် တိုက်ရတယ်ဆိုရင် မြဝတီ-ဝေါလေ ကားလမ်း ဝေါလေအထိ ရောက်နိုင်ဖို့ဆို နှစ်နဲ့ချီပြီး ကြာမယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ နံနက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ဘက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ ရှိသည့် စုပေါင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ မြို့ပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး လူ ၈ ဦးခန့် သေဆုံးခဲ့ပြီးနောက် ဩဂုတ် ၁၇ ညနေက ကော့ကရိတ်မြို့ တောင်ဘက် သုံးမိုင်ခန့်အကွာ ရေကျော်ကြီးကျေးရွာအုပ်စု ကမိုင်ကုန်းရွာနှင့် ရွာသစ်ဘက်ကို သံချပ်ကာယာဉ်များ ပါဝင်သည့် စစ်ကြောင်း ဝင်ရောက်လာခဲ့သည်။ 

ထို့နောက် ဝေါလေဒေသတစ်ဝိုက်ကို ထိုကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်နေ၍ ရင်ဆိုင်နေရေသော ကော်ဘရာစစ်ကြောင်းက စခန်းကုန်းတစ်ခု လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။ 

အလားတူ ထိုရက်များတွင် အတွဲလိုက်ပစ်ဒုံးများ၊ တင့်ကားများ အင်အားဖြည့်တင်းထားသည့် ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မိုးဗြဲနှင့် လွိုင်ကော်ဘက်မှ စစ်အင်အား ၅၀၀ ကိုပါ စစ်ကောင်စီက ပို့လွှတ်ကာ စစ်ကြောင်းထိုးနေသည်။ 

ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး စစ်အာဏာသိမ်းခဲ့သည့် လုပ်ရပ်ကို KNU က လက်မခံဘဲ ဒီမိုကရေစီအရေး လှုပ်ရှားသူ အများအပြားကို ခိုလှုံခွင့်ပေးခဲ့သည့်နောက်ပိုင်းတွင် ၎င်းတို့ ထိန်းချုပ်ရာဒေသများအတွင်း စစ်ကောင်စီ က လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေသလို မြေပြင် ထိုးစစ်များပါ ဆင်နွှဲနေသည်။

ထို့ကြောင့် လက်ရှိ ကရင်ဒေသတွင် တပ်မဟာ ၇ ဖားအံခရိုင်မှ လွဲ၍ ကျန်တပ်မဟာ ၆ ခုလုံးတွင် စစ်ရှောင်နေရသူ ၃ သိန်းကျော်နေပြီဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button