ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသသို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်၏ တပ်ရင်းများ ကော်ဘရာစစ်ကြောင်း၏ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်သားအများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်။
ထိုဒေသအတွင်း ဝင်ရောက်လာသည့် တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) ၈ သည် မြဝတီ-ဝေါလေ ကားလမ်း၊ သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာအကြား ဇူလိုင် ၁၂ က တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုခလရ ၈ မှ ဒဏ်ရာရသူများ၊ ပိတ်မိနေသူများအား ကယ်ထုတ်ရန် စစ်ကူတက်လာသည့် ခမရ ၂၀၇ ကို ဇူလိုင် ၁၃ တွင် ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထပ်အထိနာခြင်း ဖြစ်သည်။
ခမရ ၂၀၇ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်အောက်ခံဖြစ်သော ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
“သူတို့အလောင်းတွေလည်း တွေ့နေရတာပဲ၊ အလောင်းတွေလည်း (ဓာတ်ပုံ) ရိုက်မနိုင်တော့ဘူး” ဟု ကော်ဘရာပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံများတွင် စစ်ကောင်စီတပ်သား အလောင်း ၆ လောင်းထက်မနည်းနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအများအပြားကို တွေ့ရသည်။
၅.၅၆ ကျည် (၇၀၅) တောင့်၊ MA ကျည်ဘောက် (၄) ခု၊ လက်ပစ်ဗုံး (၃) လုံး၊ (၆၀) မမ ဗုံးသီး (၂) လုံးနှင့် ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
နောက်တစ်ရက် (ဇူလိုင် ၁၄) တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာက ထုတ်ပြန်သည်။ လက်နက်များမှာ ၅.၅၆ ကျည် (၃၀၀၀) ကျော်၊ လက်ပစ်ဗုံး (၁၃) လုံး၊ ခွင်းဗုံး (၁၄) လုံး၊ နင်းမိုင်း (၁၂) လုံး၊ (၆၀) မမ ဗုံးသီး (၈) လုံး၊ (၆၀) မမ စိန်ပြောင်း (၁) လက်၊ MA ကျည်ဘောက် (၁၁) ခု၊ RPG -7 ကျည် (၈) လုံး၊ RPG ယမ်းတောင့် (၉) တောင့်၊ ဆိုလာပြား (၁) ခု၊ NATO ကျည် (၂၆၅) တောင့်တို့ ဖြစ်သည်ဟု ဆိုသည်။
ခမရ ၂၀၇ သည် စစ်တပ်အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်တည်းက KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်ကြောင်းထိုးရာမှ KNU တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်များဖြစ်သော ခမရ ၉၊ ၁၀၂၊ ၂၀၄၊ ၂၀၇ နှင့် ခလရ ၈ တို့က မြဝတီမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေခြင်း ဖြစ်သလို စစ်တပ်က ဖွဲ့ပေးထားသော ကရင်နယ်ခြားစောင့်တပ် (BGF) ကလည်း ထိုတပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေသည်။
“သူတို့ အင်အားထပ်တိုးလာတယ်။ တပ်တွေ ထပ်လာနေတယ်။ ပထမစစ်ကြောင်းထိုးတဲ့ တပ်တွေက အကုန်လုံး ထွက်ပြေးပြီး အကုန်လုံးတပ်ပျက်ကုန်ပြီ” ဟု Cobra စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ဝေါလေဒေသအတွင်း အမှတ် ၄၄ တပ်မမှူးကိုယ်တိုင် ဦးစီးပြီး စစ်ကြောင်းထိုးဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း KNDO နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုထံမှ သိရသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင် သေးပေ။
မြဝတီမြို့တောင်ဘက် ဝေါလေဒေသသည် KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင်နယ်မြေအတွင်း ရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် နေရာလည်း ဖြစ်သည်။
ယင်းအပြင် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ် (BGF) တပ်များ လှုပ်ရှားမှုများ ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)