မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် နိုင်ငံခြာဘဏ်တစ်ခုဖြစ်သော ဩစတြေးလျအခြေစိုက် ANZ ဘဏ်က လာမည့်နှစ်အစောပိုင်းတွင် လုပ်ငန်းရပ်ဆိုင်းကာ ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၂၂) ထုတ်ပြန်လိုက်သည်။
လွန်ခဲ့သည့်လများစွာအတွင်း ဘဏ်လုပ်ငန်းလည်ပတ်ရာတွင် ပိုမိုရှုပ်ထွေးလာပြီး သမားရိုးကျမဟုတ်သော ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခဲ့ရကြောင်း ANZ ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ပြည်တွင်းလုပ်ငန်းလည်ပတ်မှုအခြေအနေတွေကို ဂရုတစိုက်စဉ်စားပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီကာလအတွင်း ကျွန်တော်တို့ရဲ့ ဘဏ်အသုံးပြုသူတွေကို ထောက်ပံ့ပေးဖို့ မမောမပန်းလုပ်ကိုင်ပေးတဲ့အတွက် အဖွဲ့ကို ကျေးဇူးတင်ပါတယ်” ဟု ANZ ဘဏ်၏ အပြည်ပြည်ဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ Simon Ireland က ထုတ်ဖော်ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လူအခွင့်အရေးနှင့် အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ထွက်ခွာခဲ့ရာ ဩစတြေးလျဘဏ် ANZ မှာ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်သည့် ပထမဆုံးနိုင်ငံခြားဘဏ်ဖြစ်သည်။
ကမ္ဘာ့ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ FATF က ပြီးခဲ့သည့် အောက်တိုဘာ ၂၁ တွင် မြန်မာကို အမည်ပျက်စာရင်းသွင်းပြီးနောက် ဩစတြေးလျဘဏ်က ထွက်ခွာရန် ဆုံးဖြတ်ခြင်းလည်းဖြစ်သည်။
တိုင်းပြည်စီးပွားရေးနှင့် ဘဏ်လုပ်ငန်းဖွံ့ဖြိုးရန် နိုင်ငံခြားဘဏ်များကို ပြီးခဲ့သည့် ၂၀၁၅ အစောပိုင်းမှ စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ANZ ဘဏ်သည် ၂၀၁၅ စက်တင်ဘာလကုန်တွင် လုပ်ငန်းလိုင်စင်ရရှိခဲ့ကြောင်း ဗဟိုဘဏ်၏ နိုင်ငံခြားဘဏ်ခွဲစာရင်းမှတ်တမ်းတွင် တွေ့ရသည်။
မြန်မာမှ ထွက်ခွာမည့် ANZ ဘဏ်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး တာဝန်ယူမှုရှိသည့် ထွက်ခွာမှုဖြစ်ရန် တက်ကြွလှုပ်ရှားသည့် အဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar JFM အဖွဲ့က တောင်းဆိုသည်။
ထွက်ခွာမှုကြောင့် ဝန်ထမ်းများထိခိုက်မှုလျော့ပါးရန်နှင့် ရန်ပုံငွေများကို စစ်ကောင်စီလက်လှမ်းမမီရန် သေချာကိုင်တွယ်ရမည်ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
အာဏာသိမ်းပြီးနောက် ANZ ဘဏ်သည် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့ထားသည့် စစ်တပ်ပိုင် အင်းဝဘဏ်နှင့် ငွေလွှဲပြောင်းမှုနှင့် စစ်တပ်ကို ငွေပေးချေမှုအတွက် ဝန်ဆောင်ပေးခဲ့ကြောင်း၊ ဩစတြေးလျအစိုးရကလည်း စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို အရေးယူမှုမရှိဘဲ ဖွင့်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
“စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်တွေကို ပိတ်ဆို့ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် ရှင်းလင်းစွာ ရပ်တည်ဖို့နဲ့ မြန်မာပြည်သူတွေကို ဩစတြေးလျအစိုးရက ထောက်ခံဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ANZ ဘဏ်အပါဝင် စင်ကာပူ United Overseas Bank (UOB)နှင့် ဗီယမ်နမ်နိုင်ငံပိုင် BIDV တို့သည် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့ထားသည့် စစ်တပ်ပိုင် အင်းဝဘဏ်နှင့် ငွေလွဲပြောင်းမှုရှိခဲ့ကြောင်း နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ Distributed Denial of Secrets အဖွဲ့က ဖွင့်ချခဲ့ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။
ANZ ဘဏ်ထွက်ခွာမှုသည် ထိုပေါက်ကြားမှုကြောင့် ဂုဏ်သိက္ခာထိခိုက်မှုကို အဖတ်ဆယ်ရန်ဖြစ်သလို စစ်ကောင်စီ၏ ဘဏ်စည်းမျဉ်းများအပေါ် ယုံကြည်မှုနည်းပါးခြင်းနှင့် FATF အမည်ပျက်စာရင်းကြောင့် ဘဏ်လုပ်ငန်း လုပ်ရကိုင်ရခက်ခဲခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း စီးပွားရေးလေ့လာသူတစ်ဦးက ဆိုသည်။
“အဖတ်ဆယ်တာပေါ့။ စစ်တပ်နဲ့ ပတ်သက်တဲ့ဘဏ်ကိုလည်း သူက တွဲလုပ်နေတယ်။ နောက်ပြီးတော့ (ဩစတြေးလျနိုင်ငံသား) ရှောင်တာနယ်ဆိုလည်း ဒီ Banking Finance က။ အဲ့လိုလူမျိုးကို ဖမ်းခဲ့တယ်။ သူတို့နိုင်ငံမှာ တော်တော်နာမည်ပျက်ပြီထင်တယ်” ဟု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လေ့လာနေသည့် ရန်ကုန်မြို့မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။
မြန်မာတွင် နိုင်ငံခြားဘဏ်ခွဲ ၁၇ ခု၊ နိုင်ငံခြားလက်အောက်ခံဘဏ်ခွဲ ၃ ခုရှိကြောင်း ဗဟိုဘဏ်၏ အချက်အလက်များတွင် တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)