နှစ်ပေါင်းများစွာ စစ်အာဏာရှင်များလက်အောက် ကျရောက်ခဲ့စဉ် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ ရသော မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု အခြေအနေမှာ တကျော့ ပြန်စစ်အာဏာသိမ်းမှုကြောင့် ပို၍ဆုတ်ယုတ်လာနေပြီး သယံဇာတ တူးဖော်သည့်လုပ်ငန်းများလည်း အထိန်းအကွပ်မဲ့လာသည်။
ယခုလ ၅ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစု (ABIPA) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် တိုင်းရင်းသားဒေသများ၌ စစ်ကောင်စီ၏ ထိုးစစ်နှင့်အတူ စစ်ပွဲအရှိန်မြင့်တက်လာသောကြောင့် ပဋိပက္ခစီးပွားရေး (Conflict Economy) ခေါ် အထိန်းအချုပ်မဲ့စွာ သယံဇာတထုတ်ယူခြင်းများ ကြီးထွားလာသည်ဟု ဖော်ပြသည်။
ဥပဒေစိုးမိုးမှု မရှိတော့သဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ မဆောင်ရွက်နိုင်တော့ခြင်း၊ မြေယာနှင့် သစ်တောပျက်စီး ယိုယွင်းခြင်းများနှင့်အတူ ဂေဟစနစ်ကို အမှီသဟဲပြုနေသော ဇီဝမျိုး ကွဲမျိုးစုံ တိမ်ကောပျောက်ကွယ်တော့မည့် အခြေအနေဖြစ်နေသည်ဟုလည်း ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုအားနည်းလာခြင်းနှင့်အတူ တရားမဝင် ရွှေတူးဖော်မှု၊ ကျောက်စိမ်းနှင့် အခြားသတ္တုသယံဇာတတူးဖော်မှုများ၊ သစ်ခိုးထုတ်မှုများ အဆမ တန်ကြီးထွားလာသည်။
သယံဇာတ တူးဖော်ထုတ်လုပ်ခွင့် လိုင်စင်ရရှိထားသည့် ကုမ္ပဏီများသည်လည်း ပတ်ဝန်းကျင်နှင့် လူမှုဘဝကိစ္စရပ်များကို ထည့်သွင်းစဉ်းစားခြင်း မပြုကြတော့ပေ။ သယံဇာတစီမံအုပ်ချုပ်မှုအ ကြောင်း ပြောဆိုသူမရှိဖြစ်လာကာ ဒေသတို့သည်လည်း လျစ်လျူရှုခံလာရသည်။
ဆိုးရွားလာသော ရွှေတူးလုပ်ငန်းများ
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လိုင်စင်ရကုမ္ပဏီများ၏ လုပ်ငန်းများအပြင် တရားမဝင် သတ္တုတူးဖော်မှုများ ကြီးစိုးလာပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု များပြားလာသည့်အတွက် ဒေသ ခံလူထု၏ ကန့်ကွက်မှုများရှိနေသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ဒေသတွင် ဩစတြေးလျကုမ္ပဏီ Locrian Precious Metels ကုမ္ပဏီ၏ ရွှေတူးဖော်မှုကြောင့် ရေကြီးရေလျှံခြင်းနှင့်အတူ မြေဆီလွှာပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ဩဂုတ်လအတွင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ဩစတြေးလျကုမ္ပဏီ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကတည်းက တာချီလိတ် ဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေခြင်းဖြစ်ကာ အခြားပြည်တွင်းကုမ္ပဏီ များသည်လည်း စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များကို ငွေပေး၍ လိုင်စင်မဲ့ရွှေတူးဖော်နေသည်ဟု ထိုအဖွဲ့က ဆိုသည်။
ပြည်တွင်းကုမ္ပဏီများသည် တြိဂံတိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိဟောင်းများနှင့် ပတ်သက်နေ ပြီး အာဏာသိမ်းပြီးကတည်းက ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ သိသိ သာသာတိုးမြင့်လာသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အာဏာမသိမ်းခင်ကထက် ပိုများတယ်။ တရားမဝင်ကုမ္ပဏီတွေ လိုင်စင်မဲ့တွေက စုစုပေါင်း ၁၀၀ ကျော်လောက်ဖြစ်နိုင်တယ်” ဟု ထိုတာဝန်ရှိသူက ခန့်မှန်းထားသည်။
ရွှေတူးဖော်ခြင်းများကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်လာပြီး အဆိပ်သင့်ရေကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးခြင်း၊ ရေအရင်းအမြစ်ပျက် စီးခြင်း၊ မြေယာပျက်စီးခြင်းနှင့်အတူ ရေလွှမ်းမိုများလည်း ဖြစ်လာသည်။
ယခုနှစ် ဇူလိုင်လအတွင်း တာချီလိတ်မြို့နယ် နမ်းခမ်းချောင်းမှတဆင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ မိုင်းလင်းကျေးရွာအုပ်စု၊ နားဟိုင်းလုံရွာကို ဖုံးလွှမ်းသွားကာ နေအိမ် ၉ လုံးအထိ ပျက်စီးခဲ့ရသည်။ အဆိုးရွာဆုံးရေကြီးမှု ကြုံတွေ့ရခြင်းဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ရှမ်းပြည်နယ်တွင်သာမက နိုင်ငံအထက်ပိုင်းတွင်လည်း အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ရွှေ တူးဖော်မှုကြီးစိုးလာသည်။ ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအနောက်မြောက်ဘက် ဟုမ္မလင်းနယ်တွင် လက်လွတ်စပယ် ရွှေတူးသူများကြောင့် ဥရုချောင်း ပြောင်တလင်းခါသွားသည်။
လက်နက်ကိုင် ပုန်ကန်တော်လှန်မှုများနှင့်အတူ နိုင်ငံအနှံ့ ဒေသန္တရအုပ်ချုပ်ရေး ယန္တရားပျက်ယွင်း သွားပြီးနောက် တရားမဝင်ရွှေတူးသူများ ကြီးစိုးလာခြင်းဖြစ်သည်။
ချင်းတွင်းမြစ်၏ အရှည်ဆုံးချောင်းလက်တက်ဖြစ်သော ဥရုချောင်းတလျှောက် ကုန်သလောက်ဖြစ် လာသဖြင့် ရွှေတူးသူများ နေရာပြောင်းရန်ပင် ခြေလှမ်းပြင်နေသည်ဟု ဒေသခံများနှင့် စောင့်ကြည့် လေ့လာသူများက ဆိုသည်။
“သဲကန္တာရထဲ ရောက်သွားသလိုပဲ။ ဘာအပင်မှ မရှိတော့ဘူး။ တော်တော်တော့ဆိုးတယ်” ဟု ယခု နှစ်ဆန်းပိုင်းက ဥရုချောင်းတလျှောက် ရွှေလုပ်ကွက်များအကြောင်း သွားရောက်လေ့လာခဲ့သူ Citizen Action for Transparency (CAfT) အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ပြောသည်။
၎င်းဦးဆောင်သည့် CAfT အဖွဲ့က ရွှေတူးဖော်မှု လုပ်ငန်းများအကြောင်း အစီရင်ခံစာလည်း ရေးသားထားသည်။
ယခုနှစ် ဇန်နဝါရီနှင့် ဧပြီလအတွင်း CAfT အဖွဲ့က ရိုက်ကူးခဲ့သော ဓာတ်ပုံများအရ ဥရုချောင်း တလျှောက် ရွှေမျောဖောင်များ မရေမတွက်နိုင်လောက်အောင် ရှိနေသည်။ ရုပ်ပျက်ဆင်းပျက် သဲသောင်ခုံများအကြား ဧရာမရေစုပ်စက်ကြီးများနှင့် ရေစုပ်ပိုက်ကြီးများ အတန်းလိုက်နေရာ ယူထားပြီး ချောင်းရေမှာ အနီရောင်ရွှံ့အနှစ်များ အတိဖြစ်နေသည်။
“အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာ ဘယ်လိုမှ ထိန်းကျောင်းလို့ မရတော့ဘူး။ အရင်က မလုပ်ခဲ့ရ တဲ့နေရာတွေ အကုန်လုံးမှာ လက်လွတ်စပယ်လုပ်ခွင့်ရသွားကြတာပေါ့” ဟု တရားမဝင်ရွှေတူး လုပ်ငန်းများနှင့် ပတ်သက်၍ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင်လည်း တရားမဝင် ရွှေနှင့် မြေရှားတူးဖော်မှု များပြားလာသည့်အတွက် သဘာ ဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးလာကြောင်း Yale Environment တက္ကသိုလ်၏ ယခု နှစ် မေလဆန်းပိုင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ရွှေတူးရာတွင် မာကျူရီအလွန် အသုံးပြုသဖြင့် ရေနှင့် မြေဆီလွှာညစ်ညမ်းမှုဖြစ်ကာ သစ်တော ပြုန်းတီးခြင်းအပြင် ဓာတုအဆိပ်သင့်မှုများက ဒေသခံလူထုအတွက် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာစေမည်ဖြစ်သည်။
အားကောင်းနေဆဲ တရားမဝင်ကျောက်စိမ်းတူးဖော်မှု
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဈေးကွက်ပျက်နေသော်လည်း ကချင်ပြည်နယ် ဖားကန့်ဒေ သတွင် တရားမဝင် ကျောက်စိမ်းတူးဖော်မှု အားကောင်းနေသည်။
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ အစောပိုင်းမှစ၍ တရုတ်ဘက်က နယ်စပ်လမ်းကြောင်းများ ပိတ်ပင်ခဲ့ရာ ကျောက်စိမ်းအရောင်းအဝယ် ရပ်တန့်သည်အထိ ဈေးကွက် ပျက်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ကျောက်စိမ်းတူးဖော်မှု ကြီးထွားလာနေ သည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။
ဖားကန့်ဒေသရှိ ကုမ္ပဏီပိုင် ကျောက်စိမ်းလုပ်ကွက်များမှာ နေ့အချိန် လုပ်ငန်းရပ်နားကာ ညအချိန် တူးဖော်နေကြသည်ဟု ယခုနှစ်ဆန်းပိုင်းက ထိုဒေသကို သွားရောက်လေ့လာခဲ့သူ CAfT အဖွဲ့ဦး ဆောင်သူ ဒေါ်မိုးမိုးက ဆိုသည်။
“အရင်ထက် မများရင်တောင် အရင်အတိုင်းပဲ။ စက်ယန္တရားတွေက ကျွန်မတို့ အရပ်ထက်တောင် မြင့်တဲ့ ကားဘီးကြီးတွေနဲ့။ တော်တော်များတယ်။ စည်းကမ်းမဲ့လုပ်တာကတော့ ပိုများလာတာပေါ့” ဟု သူက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ တွင် ကျောက်စိမ်းနှင့် ကျောက် မျက်တူးဖော်ရေးလိုင်စင်အသစ်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။ ဖားကန့်ဒေသရှိ ကျောက် စိမ်းလုပ်ကွက်အများစု သက်တမ်းကုန်နေပြီဖြစ်သော်လည်း လုပ်ငန်းလျော့မသွားခဲ့ပေ။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ နှုတ်ထွက်ခြင်းနှင့်အတူ စီးပွားရေးကျဆင်း လာချိန် နိုင်ငံခြားငွေလိုအပ်ချက်ရှိနေသည့် စစ်ကောင်စီကလည်း ကျောက်စိမ်းတူးဖော်မှုကို တိုးချဲ့ လုပ်ကိုင်နေသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတတ်၏ ကျောက်စိမ်းလုပ် ကွက်များ ပုံမှန်တူးဖော်နေဆဲဖြစ်ကြောင်း ကိုယ်တိုင်တွေ့ရှိခဲ့သူ ဒေါ်မိုးမိုးထွန်းက ပြောသည်။
၂၀၁၇ ခုနှစ်အတွင်းက ဦးပိုင်လက်အောက်ခံ ကုမ္ပဏီများသည် ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင် ၁,၁၀၀ အထိရရှိခဲ့ပြီး လုပ်ကွက်များမှာလည်း အဖိုးတန်သဖြင့် စစ်တပ်အတွက် ဝင်ငွေရလမ်းကြီး တစ်ခုဖြစ်နေကြောင်း သယံဇာတူးဖော်မှုများအကြောင်း စုံစမ်းဖော်ထုတ်နေသည့် ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က ဆိုသည်။
နိုင်ငံခြားသုံးငွေ ရှာဖွေရေးအတွက် အာဏာသိမ်းစစ်တပ်က ကျောက်မျက်ရတနာရောင်းချပွဲများ အဆက်မပြတ်ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့်လက နှစ်လယ်ပြပွဲတွင် ကျောက်မျက်ရတနာအတွဲပေါင်း ၁၈၃၆ တွဲရောင်းချနိုင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
သတ္တုသယံဇာတ တူးဖော်မှုများလည်း အရှိန်ကောင်းလာ
စစ်ကောင်စီလက်ထက်တွင် အခွန်ဘဏ္ဍာငွေ ရရှိမှုနည်းပါးလာခြင်းကြောင့် သယံဇာတူးဖော်ထုတ် လုပ်မှုလုပ်ငန်းများကို ဦးစားပေးလာသည်။
စစ်ကောင်စီ၏ ထိပ်တန်းစီးပွားရေးဝန်ကြီး တစ်ဦးဖြစ်သော ဦးအောင်နိုင်ဦးသည် မကြာမီက ရှမ်း ပြည်နယ်တောင်ပိုင်း ဘော်ဆိုင်းဒေသတွင် Top Ten Star Production ကုမ္ပဏီက အကောင်အ ထည်ဖော်နေသည့် ခဲသတ္တုသန့်စင်စက်ရုံကို သွားရောက်စစ်ဆေးခဲ့သည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူဒေသတွင် ပြည်တွင်းမှ ဝင်းမြင့်မိုရ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ Eastern Asia Power တို့က ငွေ၊ ခဲနှင့် အခြားဆက်စပ်သတ္တုများ အရှိန်မြှင့်တူးဖော်ထုတ်လုပ်နေ ပြီဖြစ်သည်။ အလုပ်သမားပေါင်း ၄၀၀ ခန့်ဖြင့် လုပ်ကွက်အသစ်များပင် ဖော်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။
အာဏာသိမ်းမှုဖြစ်စဉ်အပြီး နမ္မတူ ဘော်တွင်းသတ္တုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေး လျ နုတ်ထွက်သွားပြီးနောက် ဝင်းမြင့်မိုရ်နှင့် တရုတ်ကုမ္ပဏီတို့က ဆက်လက်လုပ်ကိုင်နေခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်တစ်ခုတည်း၌ပင် NLD အစိုးရလက်ထက်က ချထားပေးခဲ့သည့် သတ္တုတူးဖော်ရေး လိုင်စင်ပေါင်း ၃၀၀ ကျော်ရှိကာ အများစုမှာ ယနေ့အထိ သက်တမ်းရှိနေဆဲဖြစ်သည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်းခံထားရသည့် စစ်ကောင် စီအနေဖြင့် တစ်ဦးတည်းသော နိုင်ငံတကာမိတ်ဆွေဖြစ်သည့် ရုရှားနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ အဆက်မပြတ်ရှိနေသည်။ စစ်ခေါင်းဆောင်ကိုယ်တိုင် ရုရှားသို့အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ထားရာ ရွှေနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများ လည်း အပါအဝင်ဖြစ်သည်။
အကြီးစား သံမဏိစက်ရုံကြီးဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အနီးရှိ ပင်းပက်နှင့် မန္တလေးတိုင်း မြင်ခြုံသံမဏိစက်ရုံတို့ကို အမြန်ဆုံးပြန်လည်ပတ်ရန် စစ်ကောင်စီက စိုင်းပြင်းနေ သည်။ စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် ထိုစက်ရုံများကို NLD အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့သည်။
ပင်းပက်သံမဏိစက်ရုံကို စစ်ကောင်စီက ရုရှားအကူအညီဖြင့် ပြန်လည်ပတ်မည်ဖြစ်သည်။ ထိုစီမံ ကိန်းအတွက် ရှမ်းပြည်နယ်ထွက် ကျောက်မီးသွေးကို အသုံးပြုမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင် နှင့်လူမှုဘဝ ကိစ္စရပ်များကို လျစ်လျူရှုနေသည်။
တရုတ်နိုင်ငံနှင့် ထိစပ်နေသော ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် အဆိပ်သင့်ခြင်းနှင့်အတူ သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း Global Witness အဖွဲ့က ယခုနှစ် ဩဂုတ်လအတွင်း အစီရင်ခံစာ ထုတ်ပြန်ထားသည်။
Climate Risk Index ဖော်ပြချက်အရ မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတွင် ပေါ်တိုရီကိုနိုင်ငံပြီးလျှင် ဒုတိယအဆင့်ချိတ်နေပြီး ရှေရှည်ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲ ခြင်း၏ အခြေအနေဆိုးများကို ခံစားရနိုင်ဖွယ်ရှိနေသည်။
ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် Performance Index တွင်လည်း နိုင်ငံပေါင်း ၁၈၀ ရှိသည့် အနက် မြန်မာနိုင်ငံတွင် အဆင့် ၁၇၉ တွင်ရှိနေသည်။ လွန်ခဲ့သည့် ၁၀ နှစ်တာအတွင်း တိုးတက်မှု အနေဖြင့် အနုတ် ၄ ဒသမ ၅ သတ်မှတ်ကို ရောက်ရှိနေပြီဖြစ်သည်။
ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘာဝ ဘေးအန္တရာယ်သက်ရောက်မှုအရှိဆုံး နိုင်ငံ စာရင်းထဲတွင် ပါဝင်နေသည့် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သယံဇာတ တူးဖော်ခြင်းလုပ်ငန်းများ ကြီးထွားသထက်ကြီးထွားမည့် အလားအလာရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)