စီးပွားရေးသတင်း

မိုက်ကယ်မိုးမြင့်ပိုင် MPRL ကုမ္ပဏီက ရခိုင်ကမ်းလွန်၌ ရေနံရှာဖွေရေး ဆက်လုပ်နေ

မြန်မာနိုင်ငံမှ အထင်ကရ ရေနံသူဌေးကြီးအဖြစ် လူသိများ ထင်ရှားသည့် မိုက်ကယ်မိုးမြင့်ပိုင် MPRL ကုမ္ပဏီက ရခိုင်ကမ်းလွန်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ဆက်လက်လုပ်ကိုင်နေကြောင်း ယနေ့ (ဧပြီ ၂၈) ထုတ် နိုင်ငံပိုင်သတင်းစားများပါ ကြေညာချက်အရ သိရသည်။

ရခိုင်ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင် ပြည်သာယာစီမံကိန်းအရ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာရေးလုပ်ငန်းများကို SS BARAKUDA အမည်ရ တိုင်းတာရေးသင်္ဘောဖြင့် လာမည့် မေလ ၂၁ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ဆောင်ရွက်မည်ဟု နိုင်ငံပိုင်သတင်းစားများတွင် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

ရေကြောင်းသတိပေးချက် (Notice to Mariners) ဆိုသည်မှာ သတ်မှတ်ပင်လယ်ပြင်ဧရိယာအတွင်း ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်းနှင့် ငါးဖမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန် ကြိုတင်သတိပေးထုတ်ပြန်ခြင်းဖြစ်ကာ သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် ပင်လယ်ပြင်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မဖြစ်မနေ ထုတ်ပြန်ရသည်။ 

တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချနေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းရှိရာ A-3 နှင့် လုပ်ကွက်တစ်ခုခန့်သာ ကွားဝေးသည့် A-6 လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့သိုက် ရှာဖွေ တွေ့ရှိကြောင်း မိုက်ကယ်မိုးမြင့် (ခ) ဦးမိုးမြင့်ပိုင် MPRL ကုမ္ပဏီက ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သည်။

ရခိုင်ကမ်းလွန်တောင်ဘက်ပိုင်းမှ ထိုတွေ့ရှိမှုနှင့် ပတ်သက်၍ MPRL ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမိုးမြင့်က “ကမ္ဘာ့အဆင့် ဓာတ်ငွေ့သိုက်တစ်ခုကို ရှာဖွေတွေ့ရှိမှုအစ ဖြစ်နိုင်ပါတယ်” ဟု ထိုစဉ်က ပြောဆိုခဲ့သည်။

ကမ်းလွန်ရေနံလုပ်ကွက်တစ်ခုဖြစ်သော A-6 တွင် ပြင်သစ်ရေနံကုမ္ပဏီကြီး Total က ၄၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားပြီး MPRL က ၂၀ ရာခိုင်နှုန်း၊ ဩစတြေးလျမှ Woodside ကုမ္ပဏီက ၄၀ ရာခိုင်နှုန်းဖြင့် ပူးတွဲအော်ပရေတာအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။

ဦးမိုးမြင့်သည် မြန်မာ့လေကြောင်း (Burma Airways) တွင် လေယာဉ်မှူးအဖြစ် ၁၃ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ကာ အာဏာရှင်ဟောင်း ဦးနေဝင်းစီးသည့် လေယာဉ်ကို မောင်းပေးဖူးသူဖြစ်ကြောင်း Financial Times သတင်းစာက ၂၀၁၃ ခုနှစ်တွင် ရေးသားခဲ့ဖူးသည်။

ရေနံသူဌေးကြီးအဖြစ် လူသိများ ထင်ရှားသည့် ဦးမိုးမြင့်ကို ၂၀၂၂ ခုနှစ်အတွင်း ၎င်း၏ အတ္ထုပ္ပတ္တိစာအုပ် မိတ်ဆက်ပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ​ – MPRL)

ယခင်စစ်အာဏာရှင်များ လက်ထက်တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့ရာ ဦးမိုးမြင့်သည် တောင့်ခံနိုင်ခဲ့သူဖြစ်ကြောင်း၊ အမေရိကန်အစိုးရ၏ အမည်ပျက်စာရင်းသွင်းမှုကိုပင် ပယ်ဖျက်နိုင်ခဲ့သူဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။

မိုက်ကယ်မိုးမြင့်၏ ဇနီးဖြစ်သူ ဒေါ်ဥမ္မာမိုးမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကာ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဒေါ်ဥမ္မာမိုးမြင့် ဆေးကုသနေစဉ် ဒေါ်အောင်ဆန်းစုကြည်က နေ့ချင်းပြန် သွားရောက်တွေ့ဆုံခဲ့ဖူးသည်။ ဒေါ်ဥမ္မာမိုးမြင့်သည် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်သူတစ်ဦးလည်း ဖြစ်သည်။ 

လက်ရှိတွင် ရေနံသူဌေးကြီးအဖြစ် လူသိများသည့် ဦးမိုးမြင့်သည် ၁၉၈၉ ခုနှစ်တွင် Myint & Associates ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး MPRL ကုမ္ပဏီကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဦးမိုးမြင့်ပိုင် ကုမ္ပဏီများသည် ကမ်းလွန်လုပ်ကွက်သာမက မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန်းရေနံမြေကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။

ရခိုင်ကမ်းလွန်ရှိ A-6 လုပ်ကွက်ကို ဦးမိုးမြင့်ပိုင် MPRL ကုမ္ပဏီက ၂၀၀၇ ခုနှစ်တွင် လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက ရေနံနှင့် သဘာဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းအပြီး လပိုင်းအတွင်း ဩစတြေးလျ ရေနံကုမ္ပဏီ Woodside က မြန်မာနိုင်ငံရှိ ၎င်းတို့လုပ်ငန်းများကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ရာ လက်ရှိတွင် ဦးမိုးမြင့်ပိုင် MPRL က အော်ပရေတာအဖြစ် ဆက်လုပ်ကိုင်နေသည်ဟု ယူဆရသော်လည်း အသေးစိတ် မသိရပေ။

ကမ်းလွန်ရေနက်ပိုင်း လုပ်ကိုင်ဖြစ်သော A-6 တွင် ဓာတ်ငွေ့သိုက်ရှာဖွေတွေ့ရှိခြင်းနှင့် ပတ်သက်၍ စောနိုင်သမျှ အစောဆုံးထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း NLD လက်ထက် ၂၀၁၉ ခုနှစ်အတွင်း ထိုစဉ်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသောင်းထွန်းက ထုတ်ဖော်ပြောဆိုဖူးသည်။

“ပုံမှန်အားဖြင့် ရှစ်နှစ်လောက် ကြာပါတယ်။ လေးနှစ်နဲ့ ထုတ်လို့ရအောင် နေ့မအားညမအား ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။ NLD အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံရသူ ဦးသောင်းထွန်းကို အာဏာသိမ်းစစ်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထောင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button