ဥရောပသမဂ္ဂဦးဆောင်နိုင်ငံတစ်ခုဖြစ်သည့် ပြင်သစ်က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လျက်ရှိသော်လည်း ပြင်သစ်ရေနံကုမ္ပဏီကြီး Total ကမူ မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပုံမှန်အတိုင်း လည်ပတ်လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဖြစ်သော ရတနာစီမံကိန်းတွင် အော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိသည့် Total E & P Myanmar အနေဖြင့် သဘာဝဓာတ်ငွေ့ရောင်းရငွေများကို အာဏာသိမ်းစစ်ကောင်စီထံ စီးဝင်စေခြင်း မရှိစေရန် တောင်းဆိုမှုများရှိသော်လည်း ကုမ္ပဏီသည် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိသည့်အပြင် အာဏာသိမ်းစစ်ကောင်စီထံ ဓာတ်ငွေ့ရောင်းရငွေများ ဆက်လက်စီးဝင်စေလျက်ရှိကြောင်း ကုမ္ပဏီဝန်ထမ်းများက ဆိုသည်။
“အဓိကတော့ CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) က တောင်းဆိုထားတဲ့အတိုင်းပါပဲ။ အစိုးရကို ပေးရမယ့် လစဉ် Gas ရောင်းရငွေအခွန်ကို ဆိုင်းငံ့ထားပြီး မပေးဖို့ပဲ။ ၂၀၁၉ တုန်းက တစ်နှစ်လုံး အမေရိကန်ဒေါ်လာ ၂၅၇ သန်းလောက်ရှိတယ်။ ပြီးခဲ့တဲ့နှစ်က ဘယ်လောက်ရှိလဲတော့ မသိဘူး” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ရခိုင်ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင် အော်ပရေတာအဖြစ် လုပ်ကိုင်နေသည့် ဩစတြေးလျရေနံကုမ္ပဏီကြီး Woodside က လုပ်ငန်းများရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ A-6 လုပ်ကွက်တွင် ပြင်သစ်ရေနံကုမ္ပဏီ Total ၏ ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်ပြီး ရခိုင်ကမ်းလွန်လုပ်ကွက်တွင် ရေနံရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်ဟု Total ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ခြင်းသည် လူကြားကောင်း တရားနာသဘောသာဖြစ်ကြောင်းလည်း အထက်ပါ ဝန်ထမ်းက ဆိုသည်။
“နားလှည့်ပါးရိုက် လုပ်တာပါ။ A-6 စီမံကိန်းက Woodside လုပ်တာ။ Woodside နားတော့ သူလည်းပါတယ်။ လက်ရှိထုတ်နေတဲ့ ရတနာမှာလည်း Drilling (Additional Wells – ထပ်တိုးတွင်းများတူးနေခြင်း) campaign ရှိတယ်။ အဲဒါကိုလည်း ၅ လပိုင်းလောက်မှာ နားမယ်ပြောတယ်။ အမှန်က အဲအချိန်ဆို Drilling က ပြီးပြီ။ အမှန်တကယ် နားတာမဟုတ်ဘူး။ ကြားကောင်းအောင် ပြောတာပါ” ဟု ၎င်းက ပြောသည်။
ပြင်သစ်ရေနံကုမ္ပဏီသည် လုပ်ငန်းများရပ်ဆိုင်းခြင်း မရှိသေးသည့်အပြင် သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချရာမှ ရရှိသည့်ဝင်ငွေများကို စစ်ကောင်စီလက်အောက်ခံ MOGE (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း) ထံ ပုံမှန်အတိုင်းလွှဲပြောင်းပေးလျက်ရှိကြောင်း Total ကုမ္ပဏီမှ လုပ်သက် ၁၄ နှစ်ရှိ အင်ဂျင်နီယာက Myanmar Now ကို ပြောသည်။
“Total က လုပ်ငန်းရပ်ဆိုင်းခြင်း မရှိဘူး။ သဘာဝဓာတ်ငွေ့လည်း ရောင်းနေတယ်။ ရောင်းရတဲ့ငွေကိုလည်း Freeze (ထိန်းချုပ်) မလုပ်ဘဲနဲ့ MOGE (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း) ကို လွှဲပေးနေတယ်။ လောလောဆယ် စစ်ကောင်စီက ဖိအားပေးပြီး ပိုက်ဆံတောင်းတယ်ဆိုတော့ MOGE ကို ရောက်ပြီဆိုတာနဲ့ စစ်ကောင်စီကို ရောက်သွားမှာ သေချာတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် Total ရေနံကုမ္ပဏီသည် လုပ်ငန်းခွင်ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် Unpaid Leave (လစာမဲ့ခွင့်) တင်သူ ဝန်ထမ်းကိုပင် ခွင့်ပေးခြင်းမရှိဘဲ ဖိအားပေးနုတ်ထွက်စေခဲ့သည်ဟု ဆိုသည်။
“ရန်ကုန်မှာရှိနေတဲ့ ဝန်ထမ်းတစ်ယောက်က သူ့အလှည့်ရောက်လို့ အလုပ်ပြန်ဆင်းရမယ့်အချိန်မှာ မဆင်းနိုင်တဲ့အတွက် unpaid leave ယူတာကို FO (Field Operation Manager) က ခွင့်မပေးလို့ ကိုယ့်သဘောနဲ့ကိုယ် Resign (အလုပ်ထွက်စာ) တင်ခဲ့ရတယ်။ တစ်ဖက်လှည့်နဲ့ အလုပ်ထွက်စေတာပေါ့ဗျာ” ဟု အထက်ပါ အင်ဂျင်နီယာက ပြောသည်။
လက်ရှိတွင် Total E & P Myanmar ၌ ဝန်ထမ်းပေါင်း ၃၀၀ နီးပါးရှိသည့်အနက် ၉၀ ရာခိုင်နှုန်းကျော် မှာ ဒေသခံမြန်မာဝန်ထမ်းများဖြစ်ကြသော်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူ ဝန်ထမ်းတစ်ဦးတစ်ယောက်မျှ မရှိကြောင်း အခြားဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
“CDM မလုပ်ဖြစ်ကြဘူး။ မတ်လလဆန်းပိုင်းကတော့ လူစုသေးတယ်။ CDM ဆိုပေမဲ့ အဓိကတော့ အခွန်ဖြတ်ဖို့တောင်းဆိုတာ။ အဆင်မပြေဘူး။ လုပ်သက်ရင့်ဝန်ထမ်းတွေက အလုပ်ပြုတ်မှာစိုးရိမ်ပြီး အလုပ်သွားကြတယ်” ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။
ကုမ္ပဏီအနေဖြင့် တခြားနိုင်ငံများမှ ကျွမ်းကျင်ဝန်ထမ်းများကို ငှားရမ်းကာ လုပ်ငန်းလည်ပတ်နိုင်သည်ဆိုသော်လည်း ဝန်ထမ်းအားလုံးတစ်ပြိုင်နက် CDM လုပ်မည်ဆိုပါက Total ရေနံကုမ္ပဏီ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သည်ဟု ဆိုသည်။
“အားလုံးလုပ်ရင် ရပ်နိုင်ပါတယ်။ အစားထိုးနိုင်လားဆိုတော့ လွယ်တော့မလွယ်ဘူး။ Total မှာ Offshore, Onshore (ကမ်းလွန်၊ ကုန်းတွင်း) နှစ်ခုလုံးမှာ နိုင်ငံခြားသားက ၄ ယောက်လောက်ပဲ ရှိတာ။ ကျန်တာက မြန်မာတွေချည်းဆိုတော့ CDM လုပ်ရင်တော့ အစားထိုးဖို့ မလွယ်ဘူး။ နောက်ပြီး တစ်စင်နဲ့ တစ်စင် (Offshore platform) အထာလည်း မတူဘူး။ Site ရင်းနှီးမှုလိုတယ်။ ချက်ချင်း ကောက်ငှားပြီး ခိုင်းလို့မရဘူး” ဟု အထက်ပါ Total ဝန်ထမ်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်ကတည်းက ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီ ကြီး Total က လက်ရှိတွင် ရတနာကမ်းလွန်စီမံကိန်းကို အော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိပြီး နေ့စဉ်ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြည်တွင်းသုံးအတွက်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
Total က မြန်မာနိုင်ငံတွင် ရတနာကမ်းလွန်စီမံကိန်းအပြင် ရခိုင်ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင်လည်း ပါဝင်ရင်းနှီးမြှုပ်နှံထားပြီး မုတ္တမပင်လယ်ပြင်ရှိ ကမ်းလွန်ရေနံလုပ်ကွက် အနည်းဆုံး ၄ ခုကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။
၂၀၁၉ ခုနှစ်တွင် ရတနာစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁ ဒသမ ၃ ဘီလျံ ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း Total ရေနံကုမ္ပဏီက မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၂၉ ဒသမ ၆ သန်း ပေးခဲ့ရကြောင်း မတ်လအတွင်းက Reuters သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အဆိုပါ ပမာဏအနက် ဓာတ်ငွေ့ထုတ်လုပ်ရောင်းချရငွေမှ ဒေါ်လာ ၁၇၈ ဒသမ ၆ သန်းကို MOGE သို့ ပေးခဲ့ခြင်းဖြစ်ပြီး ဒေါ်လာတစ်သန်းကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အခွန်ဆောင်ခဲ့ခြင်းဖြစ်သည်။