စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုင်ဆိုင်မှုများကို ရောင်းချကာ မြန်မာနိုင်ငံမှ အပြီးထွက်ခွာမည်ဟု အမေရိကန်ရေနံကုမ္ပဏီ Chevron က ကြေညာထားသော်လည်း ယနေ့တိုင် ထွက်ခွာနိုင်ခြင်း မရှိသေးဘဲ အခက်တွေ့နေသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံစီမံကိန်းမှ ထွက်ခွာမည်ဖြစ်ကြောင်း အမေရိကန်ရေနံကုမ္ပဏီက ယမန်နှစ် ဇန်နဝါရီလတွင် ကြေညာခဲ့ကာ ကနေဒါအခြေစိုက် MTI Energy ထံ ရှယ်ယာများရောင်းချသွားမည်ဟု ယခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံကြေညာသည်။
သို့သော် Chevron ကုမ္ပဏီသည် မုတ္တမကမ်းလွန်ရှိ ရတနာစီမံကိန်းတွင် ရှယ်ယာများ ဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။
ရတနာကမ်းလွန်စီမံကိန်းမှ ထွက်ခွာမည်မှာ သေချာပြီး အစီအစဉ်အတိုင်း စနစ်တကျလုပ်ဆောင်နေသည်ဟု Chevron ပြောရေးဆိုခွင့်ရှိသူက ဆိုသော်လည်း အချိန်အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်နည်းတူ MTI Energy ကုမ္ပဏီထံ အပြီးသတ် လွှဲပြောင်းရောင်းချမှုနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုခြင်း မရှိဟု ဆိုသည်။
“မြန်မာမှာရှိတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းအားလုံးကို ရောင်းချဖို့ သဘောတူညီချက်ကို လက်မှတ်ထိုးထားပြီး ဖြစ်ပါတယ်။ သဘောတူညီချက်ပါ စည်းကမ်းချက်တွေက လျှို့ဝှက်ထားရမယ့် ကိစ္စဖြစ်ပါတယ်” ဟု Chevron ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ရတနာစီမံကိန်းတွင် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) လည်း ပါဝင်လုပ်ကိုင်နေပြီး စစ်ကောင်စီလက်အောက်ခံ MOGE ကို အမေရိကန်အစိုးရက အောက်တိုဘာ ၃၁ ရက်နေ့တွင် စတင်အရေးယူလိုက်ပြီဖြစ်သည်။
နိုင်ငံခြားဝင်ငွေ ဒေါ်လာဘီလျံချီ ရှာဖွေပေးနေသည့် နိုင်ငံပိုင်ရေနံလုပ်ငန်းကို အမေရိကန်အစိုးရက ပထမဆုံးအကြိမ် တိုက်ရိုက်အရေးယူခြင်းဖြစ်ကာ အမေရိကန်နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် MOGE နှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုပေးခြင်းကို လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစ၍ တားမြစ်လိုက်သည်။
အမေရိကန်၏ ထိုအရေးယူမှုသည် Chevron ကုမ္ပဏီအပေါ် မည်သို့သက်ရောက်မည်ကို ရှင်းရှင်း မသိရသေးပေ။
အမေရိကန်အစိုးရအနေဖြင့် စစ်ကောင်စီအတွက် ဝင်ငွေရပေါက်ရလမ်းကြီးဖြစ်နေသည့် MOGE ကို အပြည့်အဝ ပိတ်ဆို့အရေးယူရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစဉ်တစိုက် တောင်းဆိုနေသည်။
ရတနာကမ်းလွန် စီမံကိန်းပိုင်ရှင်ဖြစ်သော ပြင်သစ်ရေနံကုမ္ပဏီကြီး Total ထွက်ခွာသွားပြီးနောက် Chevron (Unocal) သည် အကြီးဆုံးရှယ်ယာရှင်ဖြစ်လာခဲ့သည်။
ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေသည့် ရတနာစီမံကိန်းတွင် Chevron က ၄၁ ဒသမ ၁ ရာခိုင်နှုန်း၊ MOGE က ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက ၃၇ ရာခိုင်နှုန်းဖြင့် ပါဝင် ရင်းနှီးမြှုပ်နှံထားသည်။ Total ထွက်သွားပြီးနောက် ထိုင်း PTT ကုမ္ပဏီက စီမံကိန်းအော်ပရေတာအဖြစ် ဆက်ခံခဲ့သည်။
ရတနာစီမံကိန်းမှ Chevron ပိုင် ရှယ်ယာများကို ဝယ်ယူမည့် MTI energy ကုမ္ပဏီမှာ ကနေဒါနိုင်ငံအနောက်ပိုင်း အယ်လ်ဘာတာပြည်နယ် အက်မန်တန်မြို့အခြေစိုက်ဖြစ်ကာ ရေနံတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် Mitey Titan Industries ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်ကြောင်း စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ဆိုသည်။
MTI Energy အနေဖြင့် အခွန်ရှောင်ရန်နှင့် လျှို့ဝှက်တရားစီရင်ပိုင်ခွင့်ကို အားပေးသည့် ဗြိတိန်ပိုင် ဘာမြူဒါဒေသရှိ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Et Martem Holdings လုပ်ငန်းမှတစ်ဆင့် Chevron ၏ ရှယ်ယာများဝယ်ယူခြင်းဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြေအနေအရပ်ရပ်ကြောင့် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နိုင်ငံတကာရေနံကုမ္ပဏီများ ထွက်ခွာခဲ့ကြသည်။ ပြင်သစ်ရေနံကုမ္ပဏီကြီး Total၊ မလေးရှားနိုင်ငံပိုင် Petronas နှင့် ဂျပန်ကုမ္ပဏီ ENEOS တို့ ထွက်ခွာပြီးဖြစ်သည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6pen နှိပ်၍လှူဒါန်းနိုင်ပါသည်)