အမေရိကန်ရေနံကုမ္ပဏီက ရတနာစီမံကိန်းရှယ်ယာများ ထုတ်ရောင်းတော့မည်

ယခုအရောင်းဝယ်သည် စစ်ကောင်စီ၏ အကြီးဆုံးဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့် MOGE ကို ကနေဒါနှင့် ဗြိတိန်တို့က အရေးယူပိတ်ဆို့ရန်ပျက်ကွက်ခဲ့ခြင်း၏ ရလဒ်တစ်ခုဖြစ်သည်ဟု Justice For Myanmar က ဆိုသည်။

ပြင်သစ်ရေနံကုမ္ပဏီ Total ထွက်ခွာသွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံ စီမံကိန်း တွင် အများဆုံးပိုင်ဆိုင်သူဖြစ်ခဲ့သည့် Chevron က ရှယ်ယာများကို ကနေဒါကုမ္ပဏီထံရောင်းချတော့မည် ဖြစ်သည်။ (ဓာတ်ပုံ - Getty Images) 

ပြင်သစ်ရေနံကုမ္ပဏီ Total ထွက်ခွာသွားပြီးနောက် မုတ္တမကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တွင် အကြီးဆုံးရှယ်ယာရှင်ဖြစ်လာသည့် အမေရိကန်ရေနံကုမ္ပဏီ Chevron (Unocal) ရတနာစီမံကိန်း ရှယ်ယာများကို ရောင်းထုတ်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံစီမံကိန်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ယမန်နှစ် ဇန်နဝါရီလက တည်းက ကြေညာထားခဲ့သည့် Chevron ကုမ္ပဏီက ကနေဒါအခြေစိုက် MTI Energy ထံ ရှယ်ယာများ ရောင်းချမည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေသည့် ရတနာစီမံကိန်းတွင် Chevron က ၄၁ ဒသမ ၁ ရာခိုင်နှုန်း၊ စစ်ကောင်စီထိန်း လက်အောက်ရောက်​​ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက ၃၇ ရာခိုင်နှုန်းဖြင့် အော်ပရေတာ အဖြစ် ဆက်ခံခဲ့သည်။

ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်သော Chevron က ရှယ်ယာအားလုံးကို ကနေဒါမှ MTI Energy လက်အောက်ခံ Et Martem Holdings ထံ ရောင်းချသွားမည်ဖြစ်ကြောင်း The Guardian သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ရေးသားသည်။ 

ရှယ်ယာအရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုမူ မသိရပေ။

ကနေဒါနိုင်ငံအနောက်ပိုင်း အယ်လ်ဘာတာပြည်နယ် အက်မန်တန်မြို့ အခြေစိုက် MTI energy သည် ရေနံတူးဖော်ရေး ပစ္စည်းများထုတ်လုပ်သည့် Mitey Titan Industries ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်ကြောင်း စစ်တပ်နှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ဆိုသည်။ 

MTI Energy အနေဖြင့် အခွန်ရှောင်ရန်နှင့် လျှို့ဝှက်တရားစီရင်ပိုင်ခွင့်ကိုအားပေးသည့် ဗြိတိန်ပိုင် ဘာမြူဒါဒေသရှိ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Et Martem Holdings လုပ်ငန်းမှတစ်ဆင့် Chevron ၏ ရှယ်ယာများဝယ်ယူခြင်းဖြစ်သည်ဟု သိရသည်။

ယခုအရောင်းဝယ်သည် စစ်ကောင်စီ၏ အကြီးဆုံးဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့် MOGE ကို ကနေဒါနှင့် ဗြိတိန်တို့က အရေးယူပိတ်ဆို့ရန်ပျက်ကွက်ခဲ့ခြင်း၏ ရလဒ်တစ်ခုဖြစ်သည်ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။ 

“MTI Energy ရင်းနှီးမြှုပ်နှံမှုက အာဏာသိမ်းစစ်ကောင်စီဆက်လက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်ကုမ္ပဏီ၏ တာဝန်ယူမှုကင်းမဲ့သောရောင်းချမှုကြောင့် သဘာဝဓာတ်ငွေ့ရောင်းရငွေများ စစ်ကောင်စီထံ ဆက်လက် စီးဆင်းဖွယ်ရှိပြီး ရက်စက်ကြမ်းကြုတ်မှုများအတွက် အထောက်အပံ့ ဖြစ်နေမည်ဖြစ်ကြောင်း မရတနာမောင်က ထောက်ပြသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း(OECD) စည်းမျဉ်းများနှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက်ကို ချိုးဖောက်ရာရောက်ပြီး မြန်မာလူထု၏ဆန္ဒကို လျစ်လျူရှုသည့် ဝယ်လက်ကုမ္ပဏီကို ရှုတ်ချကြောင်း ၎င်းက ဆက်ပြောသည်။

ပြင်သစ်ရေနံကုမ္ပဏီကြီး Total က နှစ်ပေါင်း၂၅ နှစ်ကျော် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ယမန်နှစ် ဇူလိုင်အတွင်းက နုတ်ထွက်ခဲ့သည်။ 

စွမ်းအင်ကုမ္ပဏီများအနေဖြင့် လူ့အခွင့်အရေးကို လေးစားပြီး တာဝန်ယူမှုရှိရှိ မြန်မာနိုင်ငံ ထွက်ခွာပါက စစ်ကောင်စီကို ရန်ပုံငွေများခွဲမပေးရန်၊ MOGE ကို စီမံကိန်းလည်ပတ်မှုဆိုင်ရာ အချက်အလက်များနှင့် ရှယ်ယာများမလွှဲပြောင်းရန် တက်ကြွလှုပ်ရှားသူများက အစဉ်တစ်စိုက် တောင်းဆိုနေသည်။

ရောင်းချမည့်ကုမ္ပဏီမှာလည်း စစ်ကောင်စီနှင့် ဆက်နွှယ်သည့် ကုမ္ပဏီမဖြစ်ရန်လိုပြီး အထူးသဖြင့် ဓာတ်ငွေ့ ဝင်ငွေများကို စစ်ကောင်စီ ထုတ်ယူမသုံးစွဲနိုင်သည့် Escrow အကောင့်တွင် သိမ်းဆည်းပေးရန် အရေးကြီးကြောင်း ထောက်ပြထားကြသည်။

စစ်ကောင်စီလက်အောက်ရောက် နိုင်ငံပိုင် MOGE ကိုပိတ်ဆို့အရေးယူရန် ဖိအားပေးတောင်းဆိုမှုများ ရှိနေ သော်လည်း လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်၏ ဝင်ငွေရပေါက်ရလမ်းကြီးဖြစ်နေသော နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ဥရောပသမဂ္ဂတစ်ခုတည်းကသာ အရေးယူထားသေးသည်။

အာဏာသိမ်းနှစ်နှစ်ပြည့်အဖြစ် အမေရိကန်အစိုးရက စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှု အသစ်များ ချမှတ်ရာတွင် MOGE အရာရှိများကိုသာ ပိတ်ဆို့အရေးယူထားသည်။ 

သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းသည် စစ်ကောင်စီအတွက် အကြီးဆုံးနိုင်ငံခြားဝင်ငွေ အရင်းအမြစ် ကြီးတစ်ခုဖြစ်ပြီး ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် အောင်တိုဘာမှ မတ်လအထိ ခြောက်လအတွင်း အမေရိကန်ဒ ဒေါ်လာ ၁ ဒသမ ၇၂ ဘီလျံရရှိကြောင်း စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြေအနေအရပ်ရပ် ကြောင့် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နိုင်ငံတကာရေနံ ကုမ္ပဏီများ ထွက်ခွာခဲ့ကြသည်။ ပြင်သစ်ရေနံကုမ္ပဏီကြီး Total၊ မလေးရှားနိုင်ငံပိုင် Petronas နှင့် ဂျပန်ကုမ္ပဏီ ENEOS တို့ ထွက်ခွာပြီးဖြစ်ကာ အမေရီကန် Chevron သည်လည်း ယခုအခါ ရှယ်ယာများ အပြီးအပိုင် ရောင်းချတော့မည်ဖြစ်သည်။ 

နိုင်ငံတကာရေနံကုမ္ပဏီကြီးများ ထွက်ခွာသွားချိန်တွင် အိမ်နီးချင်းထိုင်းနိုင်ငံမှ  PTT ကုမ္ပဏီက လုပ်ပိုင်ခွင့် များ ပိုမိုရရှိခဲ့ပြီး မုတ္တမကမ်းလွန်ရှိ ရေနံစီမံကိန်းများတွင် အော်ပရေတာဖြစ်လာသည်။ စစ်ကောင်စီအ တွက် ဝင်ငွေဆက်ရှာပေးနေသည့် PTT ကို ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူများက ဆက်လက်ဖိအား ပေးခဲ့ကြသည်။

ထို့နောက် ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သော Norway’s Oil Fund က စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီများဖြစ်သော PTT နှင့် PTTOR တို့မှ နုတ်ထွက်ခဲ့သည်။ 

ထို့နောက် ထိုင်းနိုင်ငံပိုင် PTT ကလည်း မြန်မာနိုင်ငံရှိ စက်သုံးဆီသိုလောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း စီမံကိန်းကို ရပ်ဆိုင်းမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။ ထို့အပြင် အမေရိကန်ဒေါ်လာ ၂ ဘီလျံကုန်ကျမည့် မုတ္တမပင်လယ်ကွေ့ ကမ်းလွန်ရေနံလုပ်ကွက် M-3 ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေးလုပ်ငန်းစီမံကိန်းကို ရွှေ့ဆိုင်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ရန်ကုန်တွင် နာမည်ကြီးစစ်တပ်ထောက်ခံသူနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ပစ်သတ်ခံရ

လေးရက်အတွင်း အမျိုးသားရေးအမည်ခံ လှုပ်ရှားသူ ဦးတင့်လွင်နှင့် အဆိုတော် လီလီနိုင်ကျော်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသည်။

ကချင်၊ ပန်ဝါတွင် မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်သူသုံးဦး အဖမ်းခံရ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကမူ ဗဟိုသို့ သတင်းပို့ထားခြင်းမရှိ၊ ထိုအကြောင်းကို မကြားမိဟု ငြင်းသည်။

ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခု ချုံခိုတိုက်ခိုက်ခံရ

အင်အား ၅၀ ခန့်စီဖြင့် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိသည်ဟု ဆိုသည်။

ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီ ၈ ခုက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး ကော်မတီဖွဲ့

Move Forward နှင့် မဟာမိတ်ပါတီများ၏ ခြေလှမ်းကို စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ထိုင်းဝန်ကြီးချုပ်က အပြစ်တင်ကာ ဆန့်ကျင်ကြောင်း ပြောသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ စစ်ကောင်စီနှင့် တွေ့မည်

ဇွန် ၁ ရက်တွင် စတင်မည့် ဆွေးနွေးပွဲဖြစ်မြောက်ရေး တရုတ်အစိုးရကိုယ်စားလှယ်အဖြစ် ယူနန်ပြည်နယ်မှ နိုင်ငံခြားရေးရာ အထူးသံတမန်လည်း မိုင်းလားမြို့ ရောက်ရှိနေသည်ဟု သိရသည်။