သြဂုတ် ၁ ရက်မှ စတင်ပြီး ၎င်းတို့ထိန်းချုပ်နယ်မြေတွင် သံဖြူတူးဖော်မှုကို ရပ်ဆိုင်းကြောင်း “ဝ” လက်နက်ကိုင်တပ်ဖွဲ့ UWSA ၏ ဆုံးဖြတ်ချက် အသက်ဝင်လာပြီးနောက် ကမ္ဘာ့သံဖြူဈေးကွက် ဂယက်ရိုက်ခဲ့သည်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့သံဖြူစျေးနှုန်းများသည် လန်ဒန်သတ္တုစျေးကွက်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် ရှန်ဟိုင်းစျေးကွက်တွင် ၁ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး စျေးတက်သွားကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။
“ဝ” ဒေသ ပြည်နယ်ဗဟိုစီးပွားရေးစီမံကိန်းကော်မတီက ဧပြီလကတည်းက သတ္တုသယံဇာတ တူးဖော်မှုများ ရပ်ဆိုင်းမည့် အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး စာချုပ်သက်တမ်းကျန်ရှိဆဲနှင့် တူးဖော်ဆဲ လုပ်ငန်းများအတွက် လက်စသတ်တူးဖော်ခွင့် ၃ လ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
“ဝ” ၏ ဧပြီလ ကြေညာချက် ထွက်လာပြီးနောက် ကမ္ဘာ့သံဖြူစျေး ၁၂ ရာခိုင်နှုန်း တက်သွားခဲ့သေးသည်။
UWSA ထိန်းချုပ်ထားသည့် “ဝ” ဒေသမှ သံဖြူသတ္တုရိုင်းများသည် ကမ္ဘာ့အကြီးမားဆုံး သန့်စင်ပြီး သံဖြူကုန်ချော ထုတ်လုပ်သည့် တရုတ်နိုင်ငံအတွက် အဓိကကုန်ကြမ်း ရရှိရာ နေရာဖြစ်သည်။
“ဝ” ဒေသသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ကပ်လျက် တည်ရှိသည်။
ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်၏ သံဖြူသတ္တုရိုင်းတင်သွင်းမှု ၇၇ ရာခိုင်နှုန်းသည် မြန်မာမှ ဖြစ်ပြီး၊ မြန်မာနိုင်ငံက ထုတ်လုပ်သည့် သံဖြူသတ္တုရိုင်းအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်သည် ‘ဝ’ ဒေသထွက်ဖြစ်ကြောင်း တရုတ်အကောက်ခွန် အချက်အလက်များနှင့် နိုင်ငံတကာသံဖြူထုတ်လုပ်သူများအသင်း (ITA) ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ရေးသားသည်။
သြဂုတ် ၁ ရက်မှ စတင်ပြီး “ဝ” ဒေသတွင် သံဖြူသတ္တုမိုင်းအားလုံး ထုတ်လုပ်မှု ရပ်ဆိုင်းသွားသလို ဝန်ထမ်းများကိုလည်း အလုပ်မှ ယာယီထုတ်ပယ်ခြင်း၊ သံဖြူသတ္တုရိုင်း သယ်ဆောင်မှု တားမြစ်ခြင်းတို့ ရှိခဲ့ကြောင်း ITA အသင်းက သြဂုတ်လ ၃ ရက်နေ့တွင် ရေးသားသည်။ UWSA လက်ထဲတွင် သံဖြူသတ္တုရိုင်းတန်ချိန် နှစ်သန်းခန့်ရှိနေကြောင်း ITA က ခန့်မှန်းထားသည်။
သံဖြူကို အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုကြသည်။
“ဝ”ဒေသတွင် သတ္တုသယံဇာတ တူးဖော်ထုတ်လုပ်မှုသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်ပြီ ဖြစ်သော်လည်း အတွေ့အကြုံနည်းခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်မှုမရှိခြင်း၊ ဘူမိဗေဒနှင့် အကြောင်းအမျိူးမျိုးကြောင့် သတ္တုသယံဇာတ ပြုန်းတီးမှုများ ဖြစ်ပေါ်စေသည်ဟု ပြီးခဲ့သည့်ဧပြီလ ပြည်နယ်ဗဟိုစီးပွားရေးစီမံကိန်းကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တွင်းထွက်သယံဇာတများသည် အကန့်အသတ်ရှိပြီး ပြန်လည်ဖြည့်ဆည်း၍ မရသဖြင့် တရားမဝင်နှင့် ကျပန်းတူးဖော်ရေးလုပ်ငန်းများကို တားမြစ်ခဲ့သည်၊ ကျန်ရှိသော သတ္တုသယံဇာတကို ကာကွယ်ရန် တူးဖော်မှုများ ရပ်ဆိုင်းသွားမည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုရပ်ဆိုင်းမှုသည် အခြားသတ္တုတူးဖော်မှုများ အကျုံးဝင်မှုရှိမရှိ UWSA ပြောခွင့်ရ ဦးညီရန်းကို ဆက်သွယ်မေးမြန်းသော်လည်း ရှင်းရှင်းလင်းလင်း ဖြေဆိုခြင်းမရှိပါ။
တရုတ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ် ပန်ဆန်းမြို့တွင် အခြေစိုက်သည့်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် စစ်ရေးအင်အားအကြီးဆုံးဟု ယုံကြည်ရသည့် UWSA ကို စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားလေ့မရှိသော်လည်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသည့် UWSA က “ဝ” ဒေသကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် အစဉ်တစိုက်တောင်းဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)