သတင်း

အကြမ်းဖက်မှုဖြင့် ဖမ်းဆီးရုံးတင်ခံခဲ့ရသည့် ကြံ့ခိုင်ရေးအမတ်ဟောင်းကို တရားရှင်လွှတ်

(ရန်ကုန်) — ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရဲကင်းစခန်းများ တိုက်ခိုက်ခံရသည့် ဖြစ်စဉ် နှင့်ဆက်စပ်ပြီး ဖမ်းဆီးရုံးတင်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဇော်ဝင်း ခေါ် ဇော်ကိရ်အာမက်ကို စစ်ဆေးပြီးနောက် ပြစ်မှုမမြောက်ဟုဆိုကာ မောင်တောခရိုင်တရားရုံးက ဇွန်လ ၂၀ ရက်နေ့က တရားရှင် လွှတ်ပေးလိုက်သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ‘အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် (ARSA)’ဟု သူတို့ကိုယ်သူတို့ ခေါ်သည့် တိုက်ခိုက်ရေးသမားများသည် မောင်တောခရိုင်အတွင်းရှိ ရဲစခန်းများကို အလစ်ဝင်ရောက် တိုက်ခိုက်ကာ တာဝန်ကျရဲဝန်ထမ်းများကို သတ်ဖြတ်၊ လက်နက်များလုယူခဲ့ရာတွင် အားပေးအားမြှောက်ပြုသူများထဲတွင် ဦးအောင်ဇော်ဝင်း (ခေါ်) ဇော်ကိရ် အာမက် ပါသည်ဟုဆိုကာ တိုက်ခိုက်ခံရသည့် စခန်းတစ်ခုဖြစ်သည့် ငါးခူရနယ်မြေ ရဲစခန်းက အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

၎င်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဘန်ကောက်သို့သွားမည့် ခရီးစဉ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဦးအောင်ဇော်ဝင်း(ခ)ဇော်ကီးအာမတ်အား လူသတ်မှု ပုဒ်မ ၃၀၂/၃၀၃/၃၂၆/၃၄ တို့ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်ပြီး တရားလိုပြသက်သေ ၂၁ ဦးကို စစ်ဆေးပြီးသည့်နောက် စွဲဆိုထားသည့် အမှုများ ခိုင်မလုံမှု မရှိဟုဆိုကာ စွဲချက်မတင်မီ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃(၁)အရ မောင်တောခရိုင်တရားရုံးက တရားရှင် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ၎င်းဘက်မှ လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးသင်္ခါကျော်က ပြောသည်။

အလားတူ မောင်တောမြို့နယ် တရားရုံးတွင်လည်း ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(က)၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) စသည်တို့ဖြင့် တရားစွဲခဲ့ပြီး ခိုင်လုံမရှိဟု တရားရုံးက ဆုံးဖြတ်ခဲ့သဖြင့် လွတ်မြောက်ခဲ့သည်။

“တရားလိုအပါအဝင် တရားလိုပြသက်သေ ၂၁ ယောက်ကို စစ်တယ်။ စစ်ပြီးတဲ့အခါ သူ့ကို စွပ်စွဲထားတဲ့ လူသတ်မှုတွေ၊ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ဝန်ထမ်းတွေကို အကြမ်းဖက် တဲ့အထဲမှာ (ကျွန်တော့် အမှုသည်) မပါဘူး။ သက်သေထွက်ချက်က သူ့ကို ဒီအမှုနဲ့ စွပ်စွဲနိုင်လောက်အောင် အခြေအနေမရှိတဲ့အတွက် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃(၁) အရ စွဲချက်မတင် ခင် လွှတ်ပေးလိုက်တာ” ဟု ဦးသင်္ခါကျော်က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးအောင်ဇော်ဝင်း (ခေါ်) ဇော်ကိရ်အာမက်သည် ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌဖြစ်သလို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှတစ်ဆင့် ပြည်သူ့လွှတ်တော်အတွက် မောင်တောမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလက ငခူရ နယ်မြေရဲစခန်း တိုက်ခိုက်ရခံမှုတွင် အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုသည်ဟုဆိုကာ ၄၅ ဦးအား တရားစွဲဆိုခဲ့သည်။

Show More

Related Articles

Back to top button