
တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေသည့် ရခိုင်တွင် စစ်ကောင်စီတပ်က မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ လူနေကျေးရွာများဘက်ကို လက်နက်ကြီးနှင့် နေ့ရောညပါ ပစ်ခတ်နေမှုကြောင့် အရပ်သားများ အထိနာနေကြသည်။
ယနေ့ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်း ၁၀ နာရီခန့်က မြောက်ဦးမြို့နယ်က ကျေးရွာတစ်ခုအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲ၍ ရွာသားနှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ကျည်ကျသောနေရာမှာ မြို့ အရှေ့ဘက် ၇ မိုင်ခန့်အကွာက အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်ရှိသော ကျောင်းတောင်ကျေးရွာ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးကျည်က မင်းပြားမြို့နယ်ထဲမှာရှိတဲ့ တောင်ဖြူတောင်မှာတပ်စွဲနေတဲ့ စစ်တပ်က ပစ်တာ။ သုံးလုံးပစ်တာမှာ ရွာထဲကိုတစ်လုံးကျတယ်။ ကျန်တဲ့နှစ်လုံး ဘယ်ဘက်ကိုကျသွားတယ်ဆိုတာ မသိရဘူး။ ဒဏ်ရာက နှစ်ယောက်ရသွားတယ်။ အခု သူတို့ကို ဆေးရုံ ယူသွားပါပြီ”ဟု ၎င်းကျေးရွာသားက ပြောသည်။
ထိုနှစ်ဦးမှာ ၁၇ နှစ်အရွယ် ကိုခိုင်ဝင်း၊ ၅၅ နှစ်အရွယ် ဒေါ်မတင်သိန်းတို့ ဖြစ်ကြောင်း၊ ကိုခိုင်ဝင်း ဒဏ်ရာပြင်းထန်ကြောင်း ထိုကျောင်းတောင်ရွာသားက ပြောသည်။
“ကိုခိုင်ဝင်းက ဘယ်ဘက်က နံကိုင်းမှာ အစထိသွားတာ စိုးရိမ်ရတယ်။ မတင်သိန်းမှာတော့ ဘယ်ဘက်က ပေါင်မှာ ထိသွားတာ။ သူတို့ကအိမ် ခြံချင်းကပ်နေတာဆိုတော့ လက်နက်ကြီးကျည်က အဲဒီသူတို့ခြံဝင်းထဲကို လာကျတာ။ အိမ်အောက်မှာ ရှိတဲ့အချိန် သူတို့နှစ်ယောက်လုံး ဒဏ်ရာရသွားကြတယ်”ဟု သူက ပြောသည်။
လက်နက်ကြီးပစ်ခတ်ခဲ့သော အဆိုပါ တောင်ဖြူတောင်မှာ ကျောင်းတောင်ကျေးရွာ၏ အရှေ့ဘက် ၆ ဖာလုံခန့်ကွာတွင်ရှိကြောင်း ဒေသခံများက ဆိုကြသည်။
အရပ်ဘက်ပစ်မှတ်ကို ပစ်ခတ်ရသည့်အကြောင်းရင်းနှင့် ပတ်သက်ပြီး စစ်တပ်က ကြေညာခြင်း မရှိသလို ထိုနေရာတွင် ရက္ခိုင့်တပ်တော် (AA) တပ်စွဲနေခြင်း ရှိမရှိ မသိရသေးပေ။
နိုဝင်ဘာ ၁၁၊ ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့နယ် မင်းချောင်းတံတားအနီးတွင်ရှိသော အမြင့်ကျွန်းကျေးရွာမှ အမျိုးသားတစ်ဦးမှာ ရွာအပြင်ဘက် ပုစွန်တာတွင် ရှိနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် ကျည်ထိမှန်ကာ ဒဏ်ရာရရှိသွားသည်။
ထိုကျေးရွာအနီး စစ်ကောင်စီတပ်၏ ဇက်ရေယာဥ်က ပစ်ခတ်သောကြောင့် အသက်(၄၀)အရွယ် ဦးကျော်သူဝင်းမှာ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိကြောင်း အမြင့်ကျွန်း ကျေးရွာသားတစ်ဦးထံမှ သိရသည်။
အဆိုပါ မင်းချောင်းတံတားအနီး၌ ယမန်နေ့ နိုဝင်ဘာ ၁၁ နံနက်ပိုင်းတွင် စစ်တွေဘက်မှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ် ထောက်ပို့ယာဥ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ရင်း တပ်စခန်းများက လူနေကျေးရွာများသို့ ဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် အရပ်သား သေဆုံး ဒဏ်ရာရရှိမှုနှင့် နေအိမ်မီးရှို့ခံရမှုများလည်းရှိခဲ့သည်။
ယင်းနေ့ ညနေပိုင်း မိုင်းဆွဲခံရသည့် နေရာနှင့် မိုင်ဝက်ခန့်အကွာက ဆင်အင်းကြီးရွာသို့ စစ်ကြောင်းတစ်ခု ဝင်ရောက်ကာ လူနေအိမ် ၇ လုံးကို မီးရှို့၊ ရွာသား ၁၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း ၎င်းကျေးရွာသားများက ပြောဆိုကြသည်။
အလားတူ ထိုနေ့ နိုဝင်ဘာ ၁၁ နေ့လယ် ၁ နာရီခန့်တွင် ကျောက်တော်မြို့နယ်ရွှေပြည်သစ်ကျေးရွာတွင်းသို့ လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက်ကြီးပိုင်းအပါအဝင် ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ ကျောက်တော်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရသည်။
ရွှေပြည်သစ်ကျေးရွာမှ အသက်(၇၃)နှစ်အရွယ် ဦးလှမြင့်အောင် ခေါ် မောင်သိန်းကျော်၊ အသက်(၆၂)နှစ်အရွယ် ဒေါ်ဦးမြအေး၊ အသက်(၃၅)နှစ်အရွယ် မခိုင်စောဝေ၊ အသက်(၇)နှစ်အရွယ်မခိုင်ဇင်ဖြိုး၊ အသက်(၂၉)နှစ်အရွယ် ဒေါ်မအောင်သောင်း၊ အသက်(၇)နှစ်အရွယ် မလှလှကျော့၊ အသက်(၁၇)အရွယ် မလှသန်းဖြိုးတို့ ဒဏ်ရာရရှိခဲ့ကြသည်။
“လက်နက်ကြီးက ဦးလှမြင့်အောင်အိမ်ကိုတည့်တည့် တစ်လုံးကျတယ်။ သူတို့မှာ မိသားစု လေးယောက်လုံး ဒဏ်ရာရသွားတယ်။ နောက်ပြီးတော့ ဒေါ်ပွင့်နုစိန်အိမ်မှာတစ်လုံးကျတယ်။ နောက်တစ်လုံးက အေးမောင်သန်းအိမ်အထက် လေပေါ်မှာကွဲတယ်လို့ ထင်ရတယ်”ဟု ရွှေပြည်သစ်ရွာသား တစ်ဦးက ပြောသည်။
တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“အဲဒီလက်နက်ကြီးကျည်က ဘယ်ကနေပစ်တယ်ဆိုတာကို အတိအကျပြောဖို့ခက်ပါတယ်။ တပ်မက ပစ်တာလား။ ကန်စောက်တပ်က ပစ်တာလားဆိုတာမသိရဘူး။ ဒဏ်ရာကတော့ ဦးလှမြင့်အောင် များတယ်။ လှလှကျော့မှာတော့ ခေါင်းမှာ အစထိသွားတာ။ အခုဆေးရုံနဲ့ အဆက်အသွယ်မရသေးလို့ ဒဏ်ရာအခြေအနေကို မသိရသေးဘူး” ဟု ထိုရွှေပြည်သစ် ရွာသားက ပြောသည်။
ကျောက်တော်မြို့အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာ ကုလာတန်မြစ်အထက်ပိုင်းရှိ ရွှေပြည်သစ်ရွာအတွင်း ယခုလ နိုဝင်ဘာ ၄ ကလည်း လက်နက်ကြီးကျည် ၅ လုံးခန့် ကျရောက်ပေါက်ကွဲ၍ အသက် ၈၆ နှစ်အရွယ် ဦးမောင်တူချေနှင့် အသက် ၈ နှစ်အရွယ် မောင်အောင်မင်းနိုင်တို့ သေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြသည်။
အဆိုပါလက်နက်ကြီးကျည်မှာ ကျောက်တော်အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉)မှ နှင့် ထိုအနီးဝန်းကျင်တွင်ရှိသော စစ်ကောင်စီတပ် စခန်းများက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ဒေသခံ ရွာသားများက ဆိုကြသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ တွင်လည်း အဆိုပါ စကခ ၉ တပ်မက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကျောက်တော်မြို့ မြောက်ဘက် တစ်မိုင်ခန့်အကွာက ပီစိကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ မိသားစု လေးဦးရှိသည့်အနက် သုံးဦးသေဆုံးခဲ့ရသည်။
ပီစီကျေးရွာမှ သေဆုံးခဲ့ရသူများမှာ အသက် ၄၅ နှစ်အရွယ် ဦးစိုးဝင်း၊ ဇနီးဖြစ်သူ ၄၄ နှစ်အရွယ် ဒေါ်သန်းသန်းဝေနှင့် သမီးဖြစ်သူ ၁၃ နှစ်အရွယ် မဖြိုးဖြိုးဝေတို့ ဖြစ်ကြသည်။
လူနေကျေးရွာများသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီတပ်ကို လက်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်(AA)က ပြောဆိုထားသည်။
ယနေ့ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုး၊ ကျွဲထိုး၊ ကျော်ဇံ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ဒရုန်းဖြင့်လည်း ယနေ့ နံနက်ပိုင်း ၁၁ နာရီခန့်က လာရောက်ပစ်ခတ်နေမှုကြောင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
“တန်းခိုးရွာကို ဒရုန်းလေးစီးနဲ့လာပစ်တယ်။ လက်နက်ကြီးကျည်က ကျော်ဇံရွာနားက တောင်မှာတစ်လုံး၊ ကျွဲထိုးရွာနားမှာတစ်လုံးကျတယ်။ အခုရွာသားတွေက ကြောက်ပြီးပြေးနေကြပြီ။ တန်းခိုးရွာအနီးကိုမနေ့က ညနေက နေဗီတစ်စီးရောက်နေတယ်။ အဲဒီနေဗီက စစ်သားတွေ ရွာဘက်ကို ဦးတည်လာတော့ ရွာသားအားလုံး ထွက်ပြေးသွားကြတယ်”ဟု ထိုဒေသခံတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာနှင့် အလှမ်းဝေးဝေးသည့် လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်နေသလို ရွာသားများကို ဝင်ရောက်သတ်ဖြတ် နေသောကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များအပါအဝင် ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
“စစ်တပ်က ကားမိုင်းဆွဲခံရတဲ့နေ့က ရဟတ်ယာဥ်နဲ့ လာဗုံးကြဲတော့ ကျွန်တော်တို့ နေတဲ့ စစ်ဘေးရှောင်စခန်းနားတွေမှာ လာကျတယ်။ အဲဒါကြောင့် စစ်ဘေးရှောင်တွေအားလုံး နီးစပ်ရာ နီးစပ်ရာထွက်ပြေးသွားကြတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန် စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ပါစစ်ဘေးရှောင်စခန်းမှာ ၂၀၁၈ မှ ၂၀၂၀ ခုနှစ်ထိ ဖြစ်ပွးခဲ့သော တိုက်ပွဲကာလ ကတည်းက နေရပ်စွန့်ခွာထွက်ပြေးခိုလှုံလာကြသူများဖြစ်ပြီး အိမ်ထောင်စု ၁၅၆ ရှိသည်။ အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များနေထိုင်ရာ အနီးသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုကြောင့် ထပ်မံ ထွက်ပြေး နေကြရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
တိုက်ပွဲများနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကော်စီက သတင်းအမှောင်ချထားသည်။AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က စစ်ကောင်စီတပ်၏ လုပ်ရပ်ကို ကန့်ကွက်လိုက်သည်။
“လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကို ဦးတည်တိုက်ခိုက်ဝံ့သော စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်မှာ အလွန်ပင် သူရဲဘောကြောင်သည့် စက်ဆုပ်ရွံရှာဖွယ်ရာ လုပ်ရပ် ဖြစ်သည်” ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ နိုဝင်ဘာ ၁၁ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)