(ရန်ကုန်) – ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ကြုံတွေ့နေရသည့် အခက်အခဲများကို သမ္မတထံ တင်ပြမည်ဟု ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အ ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူများက Myanmar Now ကို ယနေ့ (ဇွန်လ၂၅ ရက်) တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာ မြင့်ကြည် ဦးဆောင်သည့် အဖွဲ့သည် ကချင်ပြည်နယ် ဝိုင်းမော်၊ ကာမိုင်း၊ မိုးကောင်း၊ နမ္မတီး၊ လဝါး၊ မြစ်ကြီးနား စသည့်မြို့နယ်များရှိ စစ်ဘေးရှောင် စခန်းများသို့ ဇွန်လ ၂၀ ရက်မှ ၂၂ ရက်ထိ သုံးရက်တာ သွားရောက်ခဲ့ခြင်းဖြစ်သည်။
“အကျပ်အတည်းတွေကတော့ အများကြီးပါပဲ။ နေရေးထိုင်ရေးနဲ့ ပညာသင်ဖို့တွေရောပေါ့။ သောက်သုံးရေနဲ့ ချိုးရေအတွက်လည်း ခက်ခဲနေတယ်” ဟု ဦးယုလွင်အောင်က ပြောသည်။
လူ့အခွင့်အရေးကော်မရှင်သည် စစ်ဘေးရှောင်စခန်းများမှ ၎င်းတို့ရရှိလာသည့်အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့သွားမည်ဖြစ်ပြီး အကြံပြုချက်၊ တိုက်တွန်း ချက်များကို လာမည့်ရက်အနည်းငယ်အတွင်း ကြေညာသွားမည်ဟု သိရသည်။
“သူတို့နဲ့တွေ့တဲ့အခါမှာ သိရတာက ကလေးတွေကို ကျောင်းထားလို့ရပေမယ့် ခွဲခြားဆက်ဆံခံရတာတွေ ရှိနေတယ်ပေါ့။ ဒါတွေကို ဖြေရှင်းပေးစေချင်တယ်ပေါ့ ” ဟု ဦးယုလွင်အောင်က ပြောသည်။
မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဂျော်မဆတ်စစ်ဘေးရှောင်စခန်း တာဝန်ခံက “ကော်မရှင်ကလူတွေ လာတယ်။ ဒီကလူတွေကြုံနေရတဲ့ အခက်အခဲတွေကို မေးတယ်။ ထွေထွေထူးထူး ပြောတာမျိုးတွေတော့ မရှိပါဘူး” ဟု ဆိုသည်။
လက်ရှိတွင် လှူဒါန်းထားသည့် ရွက်ဖျင်တဲများတွင် နေထိုင်နေရပြီး မိသားစုတစ်စုလျှင် ၈ ပေ ၁၀ ပေသာ ကျယ်ဝန်းသည့်နေရာ ရရှိကြောင်း၊ မိသားစုတစ်စုနှင့်တစ်စုအကြား အကာအရံများ မရှိကြောင်း၊ စားရေးသောက်ရေးအတွက် လိုအပ်ချက်များ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကယ်ဆယ်ရေးဌာနက ကချင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ရေသန့်စသည့် ရိက္ခာဖိုးများ နှင့် နေရပ်ပြန်လိုသူများအတွက် ခရီးစရိတ်ထောက်ပံ့လျက်ရှိကြောင်း ဌာနမှအကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
ကယ်ဆယ်ရေးဌာနရှိ စာရင်းများအရ ၂၀၁၈ ခုနှစ် ဧပြီလအထိ စစ်ဘေးရှောင်စခန်းပေါင်း ၉၁ ခုရှိပြီး အိမ်ထောင်စု ၈,၀၀၀ ကျော်မှ လူဦးရေ ၄၀,၀၀၀ နီးပါးနေထိုင်ကြပြီး နေရပ်ပြန်သူ အနည်းငယ်သာ ရှိကြောင်း သိရသည်။
သို့သော် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံ၌ ပဋိပက္ခများကြောင့် ရှောင်တိမ်းနေရသူ ၂၄၁,၀၀၀ ရှိပြီး ကချင်ပြည်နယ်မှ ၁၀၀,၀၀၀ နီးပါး ပါဝင်ကြောင်း ယခုနှစ် မေလ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
ကချင်တစ်ကျော့ပြန်စစ်ပွဲသည် ၂၀၁၁ ခုနှစ်က ပြန်လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ သိန်းနှင့်ချီ ရှိနေသည်။