
ရက္ခိုင့်တပ်တော် (AA) ၏ စခန်းကို ဗုံးကြဲသဖြင့် အများအပြား သေဆုံးသည်ဟု စစ်ကောင်စီဘက်တော်သားများက အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားနေကြခြင်းမှာ လိမ်ညာ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ (အောက်တို ဘာ ၂၇) တွင် ပြောသည်။
ယခုရက်ပိုင်းအတွင်း AA ၏ မည်သည့်စခန်းမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်း မရှိကြောင်း သူက အတည်ပြုသည်။
မကြာမီရက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် ညပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA တပ်ဖွဲ့ဝင်များနှင့် ကချင်အနုပညာရှင်များ အပါအဝင် လူ ပေါင်း ၆၀ ကျော် သေဆုံးခဲ့သည်။
ဤအခြေအနေတွင် AA စစ်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရုပ်အလောင်းပုံဓာတ်ပုံများနှင့်တကွ ဝါဒဖြန့်နေကြခြင်း ဖြစ်သည်။
ဓာတ်ပုံများတွင် ရုပ်အလောင်းတချို့၏ စစ်ဝတ်စုံတွင် AA တံဆိပ် ရှိနေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ရေးဗျူဟာကျသော အထိုင်စခန်းနှစ်ခု ဆုံးရှုံးပြီးနောက် စစ်ကောင်စီက AA နှင့် တိုက်ပွဲများတွင် လေတပ်ကိုပါ သုံးခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း AA တပ်စခန်းတစ်ခုနှင့် အချုပ်ထောင်တစ်ခု ဗုံးကြဲတိုက်ခိုက်ခံရသည်။
ဇူလိုင် ၄ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၅) နယ်မြေအတွင်းရှိ AA စခန်းကို စစ်ကောင်စီက ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့အချို့ သေဆုံးကာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ စက်တင်ဘာ ၂၃ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လက်ပံတောင်ကြောပေါ်ရှိ AA ၏ အကျဉ်းစခန်းများကို ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သုံ့ပန်းအဖြစ် ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးသည်ဟု AA က သတင်းထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ကချင်၊ ကရင်၊ ကရင်နီ အပါအဝင် ဒေသအနှံ့အပြားကို လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
လတ်တလောတွင်ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စက်တင်ဘာ ၂၇ က မေယုတောင် ခြေရင်းရှိ အထက်နန်းရာကုန်းအနီး နယ်ခြားစောင့် ရဲကင်းစခန်းကို AA တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါရဲကင်းစခန်း မီးလောင်သွားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)