ရန်ကုန် – ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်မှုတွင် သေနတ်သမားကြည်လင်းနှင့် ၎င်းကို စေခိုင်းသည်ဟု စွပ်စွဲခံထားရသည့် အောင်ဝင်းဇော်တို့ မော်တော်ယာဉ်တစ်စီးတည်းဖြင့် ရန်ကုန်လေဆိပ်သို့ လာရောက်ခဲ့သည်ဆိုသောအချက် ပေါ်ပေါက်ခဲ့ခြင်းမှာ အမှုအတွက် အလွန်အရေးပါသည့် သက်သေ ဖြစ်သည်ဟု တရားလို ရှေ့နေ ဦးရောဘတ်စန်းအောင်က စက်တင်ဘာ ၂၂ တွင် ပြောသည်။
“ဒါက မငြင်းနိုင်တဲ့ ကွင်းဆက်ပေါ့။ မငြင်းနိုင်တော့ဘူးလေဗျာ။ သူတို့က မပတ်သက်ပါဘူး၊ မသိပါဘူးလို့ ပြောနေတဲ့အချိန်မှာ ကြည်လင်းက အောင်ဝင်းဇော်ကားနဲ့ အခင်းဖြစ်တဲ့ နေရာကို လာခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့တာပေါ့။ (အမှုအတွက်) သိပ်အရေးပါတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
အဆိုပါ မော်တော်ယာဉ်မှာ အောင်ဝင်းဇော်ပိုင်ဆိုင်သည့် ဟိုင်းလက်စ် surf အမျိုးအစားယာဉ်ဖြစ်ပြီး ၎င်းနေထိုင်သည့် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ ကန်သာယာလမ်း၊ အိမ်အမှတ်(၁၃) သို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်နေ့က သွားရောက်ရှာဖွေစဉ် တွေ့ရှိကာ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး မှုခင်းအကူဌာနမှ ဒုရဲအုပ်ကျော်ဝင်းဦးက တရားခွင်တွင် ထွက်ဆိုသည်။
“အခင်းဖြစ်တဲ့နေ့က (သူတို့နှစ်ယောက်) မော်တော်ယာဉ်နဲ့ (လေဆိပ်ကို အတူတကွ) သွားရောက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တာကြောင့် သိမ်းဆည်းရခြင်းဖြစ်ပါတယ်” ဟု ဒုရဲအုပ်ကျော်ဝင်းဦးက ဆိုသည်။
ဦးရောဘတ်စန်းအောင်က “အမှုကတော့ ရုပ်လုံးလေးတွေ တဖြည်းဖြည်းနဲ့ သံကြိုးကွင်းဆက် ပီပြင်လာပါပြီ။” ဟု တရားခွင်အပြီးတွင် ပြောသည်။
စက်တင်ဘာ ၂၂ ရုံးချိန်းတွင် သက်သေ ၅ဦးကို စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးပြီးသော တရားလိုပြသက်သေ ၃၈ဦး ရှိသွားပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။