
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို ယခုရက်ပိုင်း စီးနင်းခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ဖမ်းမိသည့် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး ခေါင်းအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ထားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၂၀) တွင် ရင်ပေါင်တိုင်ရွာမှ ပြန်ထွက်လာသော စစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ ဒေါင်းမင်း အမည်ရှိ ဒေသခံ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုစက္ကနှင့် အဖွဲ့ဝင်တစ်ဦးတို့ ဖမ်းဆီးခံရသည်။
အပြန်အလှန်ပစ်ခတ်ရာ ထိုနှစ်ဦးမှာ လူကွဲသွားကြောင်း၊ တယ်လီဖုန်းနှင့်သာမက အိုင်ကွန် ခေါ် ဆက်သွယ်ရေးစက်နှင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ကြောင်း ယမန်နေ့ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဂဠုန်နက်အဖွဲ့မှ တာဝန်ခံ ကိုဂဠုန်က ပြောသည်။
“ကျွန်တော်တို့ လွတ်တဲ့နေရာရောက်တော့ ဖုန်းတွေခေါ်တယ်။ အိုင်ကွန်တွေနဲ့လည်း ပေါက်တယ်။ လုံးဝမှ ခေါ်မရတော့တာ။ သူ့တပည့်တစ်ယောက်က သေနတ်မှန်ပြီးတော့ မပြေးနိုင်တာ ထင်တယ်။ သူ့တပည့်ကို ကယ်ရင်းနဲ့ နှစ်ယောက်လုံးမိသွားတာ” ဟု သူက ပြောသည်။
ထို ၂ ဦး ၏ ခန္ဓာကိုယ်တွင် ထိုးကြိတ်ထားဒဏ်ရာများသာမက မသေဆုံးမီကပင် ဗိုက်ကို ခွဲကာ အူများထုတ်ခဲ့ပြီး ခေါင်းဖြတ်၍ သတ်လိုက်ခြင်း ဖြစ်သည်ဟု ထိုသူက ယူဆသည်။
“ခန္ဓာကိုယ်ဒဏ်ရာဒဏ်ချက်တွေကတော့ မသတ်ခင်မှာ ညှဉ်းပန်း နှိပ်စက်တယ်။ သူ့တပည့်တစ်ယောက်ဆိုရင် ငယ်ပါပါ ဖြတ်ထားခဲ့တာ။ အဲဒီနားလေးတင် လွှင့်ပစ်ထားခဲ့တာ။ ခန္ဓာကိုယ်မှာ ထိုးကြိတ်ကန်ကျောက်ထားတဲ့ ဒဏ်ရာတွေရယ်၊ မသတ်ခင်က ဗိုက်တွေကို ခွဲထားခဲ့တာ။ အူတွေကို ထုတ်ထားတာ။ အဲဒါပြီးတော့မှ သတ်ထားတာ။ နှစ်ယောက်လုံး ခေါင်းဖြတ်ထားတာ”
တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇီးဖြူကုန်းရွာအနီး ယနေ့နံနက်က ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိပြီးနောက် မီးသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ဖမ်းဆီးရမိသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လေ့ရှိသော်လည်း ယခင်က ခေါင်းဖြတ်မှု မရှိခဲ့ပေ။
စစ်ကောင်စီတပ်သည် မကြာသေးခင်ကလည်း မကွေး ပေါက်မြို့နယ်တွင် CDM ကျောင်းဆရာတစ်ဦးကို သတ်ဖြတ်ကာ ဦးခေါင်းဖြတ်၍ ကျောင်းသံပန်းတံခါးတွင် ချိတ်ထားခဲ့သည်။
အောက်တိုဘာ ၁၉ တည်းက ရင်ပေါင်တိုင်နှင့် အနီးဝန်းကျင်ရွာများကို စစ်ရဟတ်ယာဉ်များက သွားရောက် ပစ်ခတ်သလို လေကြောင်းမှ သွားရောက်ခဲ့သော အင်အား ၁၀၀ နီးပါးဝန်းကျင်ရှိ စစ်သားများက ရွာများကို စီးနင်းနေရာ ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်နေသလို ဒေသခံအများအပြား ထွက်ပြေးနေရသည်။
အောက်တိုဘာ ၁၉ ရက်ညက ရင်ပေါင်တိုင်ရွာ၌ တပ်စွဲပြီး နောက်တစ်နေ့တွင် ကပ်လျက်ရှိ ပုထိုးသာရွာကို စီးနင်းခဲ့ကာ ယနေ့ (အောက်တိုဘာ ၂၁) နံနက်တွင်မူ ထိုရွာမှ ၆ မိုင်ခန့်အကွာရှိ ရွှေလှန်ရွာကို စီးနင်းသည်။
ထိုစစ်ကြောင်းသည် စစ်ရှောင်လာသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် သက်ကြီးအမျိုးသမီးတစ်ဦးကို အနီးကပ်ပစ်ခတ်သတ်ဖြတ်ပြီး နားကပ်နှင့် ပိုက်ဆံတို့ကို ယူဆောင်သွားသည်။
ရွှေလှန်ရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့၍ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံးသည်ဟု ကြားသိရပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း၊ ရွာခံအများအပြားလည်း ပိတ်မိပြီး ဖမ်းဆီးခံထားရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
“ရွှေလှန်ရွာကို ဒီနေ့မနက် စီးနင်းတဲ့အချိန်မှာ ပြည်သူတချို့ ဖမ်းဆီးခံရတယ်။ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ တော်တော်များတယ်လို့ ကြားရတယ်။ မနက်အစောပိုင်း ဝင်စီးတဲ့အခါမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အိပ်နေတဲ့အချိန် အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး သတ်သွားတဲ့အနေအထားပေါ့။ ၃ ယောက် အသတ်ခံရတယ်” ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုခန့်က ပြောသည်။
သို့ရာတွင် သေဆုံးသူ မည်သူမည်ဝါနှင့် ဖြစ်စဉ်ကို လတ်တလောတွင် အသေးစိတ် အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေလှန်ရွာနှင့်အနီးရှိ ဆင်တဲရွာတစ်ဝိုက် ရှိနေဆဲဖြစ်သည့်အတွက် သေဆုံးကာကွယ်ရေးအဖွဲ့ဝင်များ၊ ဖမ်းဆီးခံထားရသည့် ဒေသခံများ၏ အခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေများ သိရရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ယင်းမာပင်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ (အောက်တိုဘာ ၂၁) ရက်နေ့ နံနက်တွင် လှုပ်ရှားမှုတချို့ရှိကြောင်း သိရသည်။
မြို့အနောက်ခြမ်းရှိ ရင်ပေါင်တိုင်၊ နုန်းတန်း၊ ပြားအို၊ ရွှေလှန်ရွာနှင့် မြို့အရှေ့ဘက်ခြမ်းရှိ ရွာသာရွာ၊ နှောရိုး၊ ကောင်းဆင့်၊ ရွာထောင်ရွာတို့မှ ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။
လွန်ခဲ့သည့် နှစ်လကလည်း ရင်ပေါင်တိုင်ရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး သုံးရက်တာ တပ်စွဲထားစဉ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)