သတင်း

မြဝတီ−ကော့ကရိတ် လမ်းတစ်လျှောက် စစ်ရေးတင်းမာ၊ ကားများ ရာနှင့်ချီ ပိတ်မိနေ

ထိုင်း−မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် အာရှလမ်းမကြီးတစ်လျှောက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး ယမန်နေ့ (အောက်တိုဘာ ၁၉) စ၍ ရာနှင့်ချီသော ခရီးသည်တင်ယာဉ်နှင့် ကုန်သွယ်ယာဉ်များ ပိတ်မိနေသည်ဟု သိရသည်။

KNU လက်အောက်ခံ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများလည်း ဖြစ်ပွားနေပြီး ကရင်ပြည်နယ် မြဝတီ−ကော့ကရိတ်လမ်းပိုင်းတွင် ကားများပိတ်နေခြင်းဖြစ်ကြောင်း ခရီးသည်များနှင့် ကုန်တင်ယာဉ်မောင်းများက ပြောသည်။

“ဒီမနက်အထိတော့ ပိတ်မိနေတုန်းပဲ မနေ့ညက လမ်းဘေးမှာပဲ အိပ်ကြရတယ်” ဟု ခရီးသည်တစ်ဦးက ယနေ့ပြောသည်။

“အဲ့လောက်ထိတော့ ရှေ့မှာ မပိတ်ခဲ့ဖူးဘူး။ ခုလောလောဆယ်တော့ လမ်းဘေး အကုန်ဆင်းနေကြရတယ်” ဟုလည်း အာရှလမ်းမကြီးတွင် ပိတ်မိနေသည့် မြဝတီ-မဲဆောက် ကုန်ပစ္စည်းပို့ဆောင်နေသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၈ ရက်နေ့ ညဦးပိုင်းမှစတင်၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။ သို့သော် အသေးစိတ်အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

“လက်ရှိအခြေအနေက တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ အနေအထားမှာရှိနေတယ်” ဟု KNLA တပ်မဟာတပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။

ခရီးသွားများနှင့် ကုန်တင်ယာဉ်မောင်းသူများအနေဖြင့် KNU/KNLA ဘက်မှ ထုတ်ပြန်ထားသည့် သတိပေးချက်များကို အတတ်နိုင်ဆုံး လိုက်နာပေးကြရန် အထက်ပါ အရာရှိက ပြောသည်။

“စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်တဲ့အပေါ်လည်း မူတည်တယ်။ သူတို့ဘက်က အရပ်သားတွေကို အသုံးပြုလာတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က စစ်ရေးပစ်မှတ်ကို တိုက်ခိုက်ရတာဖြစ်တဲ့အတွက် လမ်းမဖြစ်နေတာကြောင့် ပိတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ တိုက်ပွဲအခြေအနေပေါ်မူတည်တယ်” ဟု KNLA တပ်မဟာမှ အရာရှိက ဆက်လက်ပြောဆိုသည်။ 

အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းကလည်း အာရှလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်နိုင်ခြေရှိကြောင်း KNU/ KNLA တပ်ဖွဲ့များဝင်များက လာရောက်သတိပေးသွားသည်ဟု ခရီးသည်များနှင့် ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

“အခုလေးတင် လာပြောသွားတာ KNU ဘက်ကနေ။ ကားတွေ ဆက်မတက်ဖို့။ သတိပေးသွားတဲ့ပုံစံအရ လမ်းအကန့်အသတ်မရှိ ပိတ်နိုင်လောက်တယ်” ဟု ခရီးသွားအမျိုးသားတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

တိုက်ပွဲရက်ရှည်မည်ဆိုပါ ထိုင်း-မြန်မာနယ်စပ်ကုန်စည်စီးဆင်းမှု ထိခိုက်လာမည်ဖြစ်ကြောင်း နယ်စပ်ကုန်စည်ပို့ဆောင်ရေးလုပ်နေသူအချို့ကလည်း သုံးသပ်ကြသည်။ 

“စစ်ကောင်စီနဲ့ BGF တွေဘက်က အရင်ကတည်းက ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားတွေဆို မထင်ရင်မထင်သလို ပိုက်ဆံတောင်းတာတွေ၊ အနိုင်ကျင့်တာတွေလုပ်ခဲ့တာရှိတော့ ဒါတွေ မရှိတော့လည်း ကောင်းတာပဲ” ဟု ထိုင်း-မြန်မာ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။ 

အာရှလမ်းမကြီးတစ်လျှောက်လုံးတွင် စစ်ကောင်စီတပ်နှင့် BGF တပ်များ စခန်းချရာနေရာ ၂၀ ခန့်ရှိပြီး ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များထံမှ အဓမ္မငွေတောင်းမှုများရှိနေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။ 

အာရှလမ်းမ ယာယီပိတ်နေမှုကြောင့် မဲဆောက်မြို့မှနေ၍ စားသောက်ကုန်ပစ္စည်း မှာယူထားကြသူများလည်း အခက်တွေ့နေကြသည်။

“မဲဆောက်နေ မြန်မာပြည်က အစားအသောက်တွေ ပြန်ယူရောင်းတာပါ။ အစာအစိုတွေဆိုတော့ ဒီလောက်ပိတ်နေရင်တော့ ပျက်စီးလောက်ပြီ။ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲက ဖြစ်နေတဲ့အပေါ်တော့ စောဒကတက်စရာမရှိပါဘူး။ ဒါတွေအားလုံး မတရားအာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကြောင့် ဖြစ်လာရတာတွေမို့ပါ” ဟု မဲဆောက်မြို့အတွင်း အစားအသောက်များ တစ်ပိုင်တစ်နိုင်ရောင်းချနေသည့် CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာ၊ မြဝတီ-မဲဆောက် နယ်စပ်ကုန်စည်ပို့ဆောင်ရေးတွင် အဓိကအားထားနေရသည့် မြဝတီအာရှလမ်းမသည် စစ်ကောင်စီနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်မှုများဖြစ်ပေါ်ခဲ့သည်။ ၂၀၂၂ ခုနှစ် မတ်လမှ ဇူလိုင်လအတွင်း အာရှလမ်းမကြီး ငါးကြိမ်ထက်မနည်း ယာယီပိတ်မှုများရှိခဲ့ပြီး ကုန်တင်ယာဉ် ၁၀ စီးကျော်ကို စစ်ကောင်စီတပ်ဖွဲ့များဘက်က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button