သတင်း

စစ်ကောင်စီက အရပ်ဘက်ယာဉ်များဖြင့် အင်အားဖြည့်နေသောကြောင့် အာရှလမ်းပိတ်ခြင်းဟုဆို

ထိုင်း – မြန်မာကုန်သွယ်ရေးတွင် အဓိက အရေးပါသည့် အာရှလမ်းမကြီး၏ မြဝတီ- ကော့ကရိတ်လမ်းပိုင်းကို သီတင်းနှစ်ပတ်ကြာ ပိတ်ပင်လိုက်သည်ဟု ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ယနေ့ (ဧပြီ ၇) ထုတ်ပြန်သည်။

နယ်စပ်တွင် တိုက်ပွဲများဖြစ်နေစဉ် စစ်ကောင်စီက အရပ်ဘက်ယာဉ်များအသုံးပြုကာ အင်အားဖြည့်တင်းနေသောကြောင့် ပိတ်ပင်ခြင်းဖြစ်ပြီး အာရှလမ်းမကို ယနေ့မှ ဧပြီ ၂၁ အထိ ဖြတ်သန်းသွားခြင်း မပြုရန် ၎င်းတို့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထိုထုတ်ပြန်ချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်လက်နက်ကိုင်ဖွဲ့တစ်ခုဖြစ်သော KNU/KNLA (PC)၊ ကော်သူးလေတပ်မတော် (KTLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့လက်အောက်ရှိ နယ်မြေခံ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများ လက်မှတ်ရေးထိုးထားသည်။​

အာရှလမ်းပိတ်ကြောင်း ထုတ်ပြန်ချက်တွင် စစ်ကောင်စီနှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနေသည့် KNU/KNLA (PC) လည်း ပါဝင်နေပြီး၊ ပါဝင်လက်မှတ်ရေးထိုးသည့် ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် တပ်ရင်းမှူး စောကျော် ဂရောင်းတို့ကို ထုတ်ပယ်ကြောင်း KNU/KNLA (PC) က ယနေ့ပင် စာထုတ်ပြန်သည်။ 

တော်လှန်ရေးအဖွဲ့များက အာရှလမ်း ပိတ်လိုက်ခြင်းကြောင့် ယမန်နေ့တွင် မြဝတီသို့ တက်လာသည့် ကုန်တင်ယာဉ်များ အပါအဝင် အခြားယာဉ်များပါ ပြန်လှည့်သွားကြောင်း နယ်စပ်ကုန်သည်တို့ထံမှ သိရသည်။

“ဘာကားမှ ပေးမတက်တော့တာ ဒီမနက်။ ထိုင်းဘက်က ကားတွေလည်း မြဝတီအထိတောင် မဆင်းကြတော့ဘူး” ဟု ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်သည်အမျိုးသားတစ်ဦးက ယနေ့ ပြောသည်။

သို့ရာတွင် ယခင်ရက်များက ပို့ဆောင်ထားသော ကုန်စည်များကိုမူ ယနေ့ (ဧပြီ ၇) မွန်းလွဲပိုင်းအထိ နယ်စပ်ဖြတ်ကျော်ကာ ကုန်စည်ပို့ဆောင်မှုများ ရှိနေသည်ဟု သိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များ ထုတ်ပြန်သော ကြေညာချက်နှင့် KNU/KNLA (PC) ဗဟို၏ ထုတ်ပြန်ချက်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကြီးစိုးရာ မြဝတီနှင့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတစ်ဝိုက်တွင် လွန်ခဲ့သည့် နှစ်ရက်ကတည်းက တိုက်ပွဲများပြင်းထန်နေသည်။ နယ်ခြားစောင့်တပ်ဖွဲ့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအနီးရှိ ကင်းစခန်းများကို KNU လက်အောက်ခံ ပူးပေါင်းတပ်များက ဝင်ရောက်စဉ် စစ်တပ်၊ BGF တို့နှင့် တိုက်ပွဲဖြစ်သည်။

တိုက်ပွဲပြင်းထန်နေသည့်အပြင် အာရှလမ်းလည်း ပိတ်ထားသည့်အတွက် မြဝတီမြို့တွင်း၌ လူအသွားအလာ ပုံမှန်ထက် နည်းပါးနေပြီး ဆိုင်တချို့ပိတ်ထားကြောင်း မြဝတီမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

“လူတွေတော့ အသွားအလာ နည်းတယ်။ ပြီးခဲ့တဲ့ရက်တွေထဲက မြို့ထဲ အသွားအလာနည်းတာ။ သတိနဲ့ သွားလာနေကြရတဲ့ အခြေအနေပါပဲ။ မြို့ထဲမှာ အချို့ဆိုင်တွေ ဒီရက်ပိုင်း မဖွင့်ဘူး” ဟု ၎င်းက ဆိုသည်။

ထိုင်းနှင့် မြန်မာအကြားရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် မြဝတီမှာ အကြီးဆုံးဖြစ်ပြီး စုစုပေါင်း နယ်စပ်ကုန်သွယ်မှုပမာဏ၏ ၇၀ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

အာရှလမ်းမကြီးတစ်လျှောက် မြဝတီ- ကော့ကရိတ်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များ၏ ဂိတ်စခန်းပေါင်း ၂၀ ခန့်ရှိသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ ဆက်တိုက်ဆိုသလို တိုက်ပွဲဖြစ်နေပြီး အာရှလမ်းမကို မကြာခဏ ပိတ်ပင်ထားလေ့ရှိသည်။

၂၀၂၂ ခုနှစ် မတ်လမှ ဇူလိုင်လအတွင်း အာရှလမ်းမကြီးကို ငါးကြိမ်ထက်မနည်း ယာယီပိတ်မှုများ ရှိခဲ့ပြီး ကုန်တင်ယာဉ် ၁၀ စီးကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းနှစ် ဧပြီလဆန်းကလည်း တိုက်ပွဲဖြစ်ရာအနီး အာရှလမ်းပေါ်မှ အိမ်စီးကားတချို့ မီးလောင်ခဲ့သည်။ 

ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုး စသည့် မြို့နယ်များတွင် စစ်ကောင်စီနှင့် KNU ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ယခုလ ၅ ရက်က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအနီးရှိ BGF ကင်းစခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်နှင့် BGF တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရကြောင်း၊ လက်နက်အမျိုးအစားစုံ ၇၅ လက် သိမ်းဆည်းရခဲ့ကြောင်း တိုက်ပွဲများတွင် ပါဝင်နေသည့် ကော်သူးလေတပ်မတော် လက်အောက်ခံ Lion Battalion အဖွဲ့က ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။

အထက်ပါ အချက်အလက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ ထို့ပြင် တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေ မသိရဘဲ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များကို ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်ချီသော ဒေသခံများ သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသော ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအနီး BGF ကင်းစခန်းတချို့ ပစ်ခတ်ခံရမှု၌ သေဆုံးသည်ဟု ယူဆရသော BGF တပ်ဖွဲ့ဝင်တချို့၏ ရုပ်အလောင်းများ။

Show More

Related Articles

Back to top button