ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်း နေရာနှစ်ခုထက်မနည်းတွင် တိုက်ပွဲပြင်းထန်နေပြီး မြဝတီနှင့် ဆက်သွယ်ထားသည့် အာရှလမ်းသစ်ပေါ်တွင် အရပ်ဘက်မော်တော်ယာဉ်တချို့ မီးလောင်သွားသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA/KNU) နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် PDF အဖွဲ့တစ်ခုက အတည်ပြုသည်။
ယနေ့ (ဧပြီ ၄) ရက် နံနက်က တိုက်ပွဲဖြစ်သည့်နေရာဝန်းကျင်ရှိ တောနော်ရေတံခွန်အနီး အာရှလမ်းသစ်ပေါ်တွင် မြဝတီဘက်မှလာသည့် ကုန်တင်ယာဉ်နှင့် အခြားနှစ်စီး မီးရှို့ခံရကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိတ်ရွာအနီးတိုက်ပွဲ အတွင်း စစ်တပ်က လေကြောင်းသုံး၍ တိုက်ခိုက်ကြောင်း သိရသည်။
အိမ်သုံးကားအချို့ မီးရှို့ခံရသည့်ဖြစ်စဉ်နှင့် တိုက်ပွဲများအတွင်း ထိခိုက်မှုနှင့် အသေးစိတ်အခြေအနေတို့ကိုမူ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးဟု ထို PDF အဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။
“ဦးဆောင်နေတဲ့ KNLA က စစ်ရေးကိစ္စတွေမှာ သတင်းအချက်အလက်လုံခြုံမှုကို ပိုပြီး ဦးစားပေးပါတယ်။ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားတဲ့ ကိစ္စတွေ (ကားမီးရှို့မှုနှင့် တိုက်ပွဲဖြစ်စဉ်) ဖြစ်ခဲ့တယ်ဆိုတာပဲ ကျွန်တော်ပြောနိုင်ပါမယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲနှင့် ယာဉ်အချို့ မီးရှို့ခံရမှုကြောင့် အရပ်သုံးကားများ အာရှလမ်းကို မဖြတ်သန်းတော့ဘဲ မြဝတီမှ မဲ့ပလဲ့သို့ တောင်ပတ်ကားလမ်းကို အသုံးပြုနေကြသည်ဟု KIC သတင်းဌာနက ယနေ့ (ဧပြီ ၄) ညနေပိုင်းတွင် သတင်းဖော်ပြထားသည်။
ထို့အတူ ကျိတ်ကျေးရွာအနီး ခိုလာဖေတောင်စစ်စခန်းကို ယမန်နေ့ (ဧပြီ ၃) ရက်မှစကာ KNLA/KNU ဘက်က တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီး၊ တိုက်လေယာဉ်တစ်စီးသုံး၍ တုံ့ပြန်နေသည်ဟု KIC ကလည်း အတည်ပြုထားသည်။
ကရင်ပြည်နယ်အတွင်း အထက်ပါဖြစ်စဉ်များ၊ ခိုလာဖာတောင်စစ်စခန်းသိမ်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးထံ ဆက်သွယ်မေးမြန်းရာတွင် အသေးစိတ်အခြေအနေများ ထုတ်ပြောရန် မရှိသေးဟု ဆိုသည်။
ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချသည့် စစ်တပ်၏လုပ်ရပ်ကို ရှုတ်ချကာ အာဏာရှင်စနစ် အမြစ်ဖြတ်မည်ဟု KNLA/ KNU က လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားပြီးချိန်တွင် အပစ်ရပ်လက်မှတ် (NCA) ထိုးပြီး အဖွဲ့ KNLA/ KNU ထိန်းချုပ်ရာ နယ်မြေအတွင်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ တောက်လျှောက်လုပ်နေသည်။
ယမန်နှစ် ဒီဇင်ဘာမှစ၍ NCA အရ နှစ်ဖက်သဘောတူညီမှုဖြင့် ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ထူထောင်ထားသည့် လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများသုံး၍ တိုက်ပွဲဆင်သည့် ဖြစ်စဉ်များမှာ ထင်ရှားသည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းများကို KNU ရရှိခဲ့သည်။
KNU ကလည်း မြဝတီမြို့နယ် မော်ခီးရွာ၌ စစ်တပ်က မဆုတ်တမ်းစခန်းအဖြစ် သတ်မှတ်ထားသည့် စခန်းကို မတ် ၂၁ ရက်က ဝင်ရောက်တိုက်ခိုက်ရာ လက်နက်အများအပြား သိမ်းဆည်းနိုင်သည်အထိ စစ်ကောင်စီကို အထိနာစေခဲ့သည်။
မော်ခီးစန်းကို ပြန်ရရန် စစ်ကောင်စီက အပြင်းအထန် ပြန်လည်ကြိုးပမ်းနေဆဲဖြစ်၍ မြဝတီတောင်ဘက် ဝေါလေမြို့နယ်ခွဲအတွင်းတွင်လည်း တိုက်ပွဲပြင်းထန်နေပြီး မတ် ၂၇ တစ်ရက်တည်းတွင် စစ်တပ်ဘက်မှ ၄၀ ကျော် သေသည်ဟု KNU က အတည်ပြုထားသည်။
ထိုတိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



